ယမင်းဖူးပွင့်အောင်
မေ ၄၊ ၂၀၂၃။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ကာဒေသခံနေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စဉ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာရှိ ပျူစောထီး ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာကို ယနေ့နံနက် ငါးနာရီခန့်တွင် ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုကင်းထောက် မြေပြင်သတင်း၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ရွာလုံးကျွတ်နီးပါး ကုန်လောက်မယ်ထင်တယ်။ ခုထိ စစ်ကြောင်းမထွက်သေးတော့ မီးလောင်ပျက်စီးမှုအသေးစိတ်ကို အတည်ပြုလို့မရသေးဘူး” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ကြက်တူရွေးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ၏ နေအိမ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ်ဘက်မှ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဖြင့် ယမန်နေ့ကတည်းကကြက်တူရွေးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကြက်တူရွေးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ၎င်းစစ်ကြောင်းသည် ယမန်နေ့ည ကိုးနာရီခန့်ကလက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ ပစ်ခဲ့သည်ဟု Wetlet Informatiom Network မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကြက်တူရွေးနဲ့ အနီးတစ်ဝိုက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တယ်အိမ်တွေပေါ် ကျတာ၊ ပျက်စီးတာတွေတော့ရှိတယ်” ဟုပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကြက်တူရွေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ရွာပေါင်း ၅ ရွာခန့်က ဒေသခံပြည်သူ လေးထောင်ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများကဆိုသည်။
စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတောင်သူများ၏တောင်ယာသီးနှံများကို စိတ်ထင်သလို ယူလေ့ရှိပြီး ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ အခက်တွေ့နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
စဉ့်ကူးမြို့နယ်ရှိ ကျေးရွာတစ်ချိူ့တွင်လည်း ပျူစောထီးစိုးမိုးနယ်မြေဖြစ်သောကြောင့် ရွာပေါင်း ၁၅ ရွာရှိ အချို့သော ဒေသခံပြည်သူ တစ်ထောင်ခန့်သည်လည်း စစ်ဘေးတိမ်းရှောင်နေရသည်။
စဉ့်ကူးမြို့နယ် ငပျင်းအင်းရွာကိုလည်း ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/921
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4039
Website ->https://eng.thanlwinkhet.net