သဇင်
မေ ၄၊၂၀၂၃။
ကရင်ပြည်နယ် ၊မြဝတီမြို့ စစ်ကောင်စီ ထိန်းချုပ်ရာ မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဂိတ် ၄ ခုဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင် နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် ယခုလို ငွေကြေးကောက်ခံမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြဝတီမြို့နေ ကုန်သည် တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“လောလောဆယ်တော့ ဂိတ် ၄ ခု ဖွင့်ထားပါတယ်။ ဆက်ကြေး ကောက်တဲ့ဂိတ်ပါ။
ထိုင်းဘက်အခြမ်းက ကုန်ကားကြီးတွေဆိုရင် ကားတစ်စီး ဘတ် ၁၀၀ ပေးရပါတယ်။
၄ ဂိတ် ဆိုတော့ ဘတ် ၄၀၀ ပေးရပါတယ်။ မြန်မာ ကုန်ကားတွေဆိုလည်း တစ်စီး ၁သောင်းပေးရပါတယ်။ အတွဲကားကြီးတွေဆို တစ်စီး ကျပ် ငွေ ၁သောင်းခွဲပေးရပါတယ် ” ဟုဆိုသည်။
ငွေကြေးကောက်ခံရာတွင်လည်း ကားအပေါ် မူတည်ပြီး တစ်စီးကို ကျပ် ၁၀၀၀ မှ ၁၀၀၀၀ အထိ ကောက်ခံနေပြီးလူမျိုးခြားများကိုမူ ကျသင့်ငွေထက် ပိုမိုကောက်ခံနေသည်ဟု
ယာဉ်မောင်းတစ်ဦးက ပြောသည်။
“အာရှလမ်းကနေ စထွက်ပြီး ဇုန်အဝရောက်တာနဲ့ ပိုက်ဆံတောင်းပါတယ်။ လူမျိုးခြားဆိုရင်ပိုက်ဆံပိုတောင်းပါတယ်။ ဗမာလူမျိုးဆိုရင် ၃ထောင် လူမျိုးခြားဆိုရင် တစ်သောင်းပေးရပါတယ်။ကားမောင်းသမားအတွက်လဲ တစ်ထောင်ပေးရပါတယ်။ ဂိတ်လေးခုလုံးက ကုန်သွယ်ရေးဇုန်ပတ်ချာလည်မှာ လှမ်းကြည့်ရင်တောင် မြင်နေရပါတယ်” ဟု ၎င်းကပြောသည်။
ဂိတ်များထားကာ ငွေကြေးကောက်ခံမှုများကြောင့် ခရီးလမ်းကြန့်ကြာမှုများရှိနေပြီး ယခင်က ၆နာရီမောင်းနှင်ရသည့်ခရီးကို ယခုတွင် ၉နာရီကြာ မောင်းနှင်ရသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ ခရီးလမ်းကြန့်ကြာမှုများ၊မြန်မာငွေကျပ်တန်ဖိုးကျဆင်းမှု၊နိုင်ငံအခြေနေမတည်ငြိမ်များကြောင့် ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုကို မြန်မာပြည်သူများ ရင်ဆိုင်နေကြရသည်။
မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊BGF တို့ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်–မြဝတီ လမ်း၊ ကျုံဒိုးမြို့ စသည့် နေရာများတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက် မနည်း သေဆုံးပြီး ရဲနှင့်စစ်သား ၂၀ ဦးကို အရှင်ဖမ်းမိကာ စစ်လက်နက်အသုံးအဆောင်များပါ သိမ်းဆည်းရမိခဲ့သည်။
ပုံစာ–မတ်လ၂၅ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် မီးလောင်ပျက်စီးမှုမြင်ကွင်း။
Photo -crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/917
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4032
Website ->https://eng.thanlwinkhet.net