ကောင်းချစ်အောင်
မေ ၃၊ ၂၀၂၃။
တရုတ််နိုင်ငံခြားရေး၀န်ကြီး မစ္စတာချင်ကန်း Qin Gang မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း စစ်ကောင်စီ၏မြန်မာ့အလင်း သတင်းစာ၌ဖော်ပြထားသည်။
ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုနေ့ ညနေပိုင်းတွင်အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံခြားရေးခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကဖော်ပြထားရာတွင် နှစ်နိုင်ငံသံတမာန်ဆက်ဆံရေးတိုးမြှင့်မှု၊ နယ်စပ်ဒေသနှင့်ကုန်သွယ်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ၊ ရင်းနှီးမြှုပ်နှံမှုများဆက်လက်လုပ်ဆောင်မှု စသည့်အကြောင်းအရာများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဥ်နှင့်ပတ်သက်၍ China Global TVNetwork(CGTN) ကဖော်ပြထားရာတွင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းရန် စစ်ခေါင်းဆောင်အားတိုက်တွန်းခဲ့သည်ဟု ပါရှိသည်။
တရုတ်အနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်မည်ဆိုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ ပြည်တွင်းအရေးကို ဖြေရှင်းရန်ကြိုးစားနေခြင်းဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်ဝာာစိုင်းကြည်ဇင်စိုးကဆိုသည်။
၎င်းက “ပြည်တွင်းရေးကို ပြည်တွင်းကနေပဲ ၂၀၀၈ခြေဥအောက်က ချဉ်းကပ်ဖြေရှင်းရမယ်ဆိုတဲ့ စကစလမ်းစဉ်ကိုလိုက်မလား ဒါမှမဟုတ် ပြည်တွင်းတော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောထားကိုအခြေခံပြီး ဖက်ဒရယ်ခြေဥသစ်ဖော်ဆောင်မယ့်လမ်းစဉ်ကိုလိုက်မလား ဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်“ဟု သုံးသပ်ထားသည်။
မစ္စတာချင်ကျန်းသည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ၃၀ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သူဖြစ်ပြီးယခုခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခြင်းဖြစ်သည်။
မစ္စတာချန်ကျန်းသည် မြန်မာနိုင်ငံခရီးစဉ်၌ စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ၊ လက်ရှိစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေး ကိစ္စများဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် မေလ၁ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် တွေ့ဆုံကာ မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်ဟု တရုတ်အစိုးရပိုင်မီဒီယာဖြစ်သည့် CGTN ကဖော်ပြထားသည်။
တရုတ်နိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ထားခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်းမှစ၍ စစ်ကောင်စီနှင့် တွေ့ဆုံမှုများ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည်ဟု လေ့လာသုံးသပ်သူများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ယခင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ဝမ်ယိ Wang Yi မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦး၀ဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/905
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3998
Website ->https://eng.thanlwinkhet.net