သံလွင်ခက်။
မေ ၂၊ ၂၀၂၃။
ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်ရင်း ၁၂ နယ်မြေတွင်းသို့ စစ်ရေးလှုပ်ရှားလာသည့်အတွက်ကချင်ပြည်နယ်၊ မံစီမြို့နယ် ခဲမနိုင်ကျေးရွာနှင့် နန့်သဲကျေးရွာအနီးတွင် KIAနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းလေးခုခွဲကာ ခြေလျင်စစ်ရေးလှုပ်ရှားလာသည့်အတွက်ယမန်နေ့နံနက် ၅ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရှေ့တန်းရဲဘော်တစ်ဦးက “ကျွန်တော်တို့မြင်တာ သုံးယောက်လောက် ကျသွားတာ မြင်လိုက်တယ်။ ဘယ်လောက်ကျလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတာတော့ အနည်းဆုံး ခြောက်ယောက်၊ ခုနှစ်ယောက်လောက်ထိနိုင်တယ်” ဟု သံလွင်ခက်ကိုပြောသည်။
အဆိုပါ စစ်ကြောင်းတွင် ကချင်ပြည်နယ် ဟိုပင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ (၃၈၉) နှင့်စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ (၂၃၆) အဖွဲ့ဝင်တို့ ပါဝင်ပြီး စစ်ကြောင်းထိုးလာစဥ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဗန်းမော်မြို့နယ်နှင့် မံစီမြို့အစပ် စင်းခန်းကျေးရွာနှင့် မံစီမြို့နယ် သံတံတားကျေးရွာမှ ခဲမနိုင်ကျေးရွာနှင့် နန့်သဲကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားခြင်းဖြစ်သည်ဟု အခြားရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
အဆိုပါ မံစီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ယနေ့နံနက်ပိုင်း၌ အနည်းငယ်ငြိမ်နေသည်ဟု သိရသည်။
စစ်ကြောင်းထိုးလာမှုနှင့်တိုက်ပွဲများကြောင့် ခဲမနိုင်ကျေးရွာ၊ နန့်သဲကျေးရွာ အပါအဝင် နန့်အူကြီးကျေးရွာ၊ ၇ မိုင်ကျေးရွာနှင့် ထိုကျေးရွာအနီးမှ ကျေးရွာစုစုပေါင်း ခြောက်ရွာခန့်က ဒေသခံ ၆၀၀၀ ကျော် ဘေးလွှတ်ရာသို့တိမ်းရှောင်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု စစ်ရှောင်ကူညီနေသူများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်းကို စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားမှုများလည်း နေ့စဉ်ပြုလုပ်လျှက်ရှိနေသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ပြီးခဲ့သော မတ်လနှင့် ဧပြီလအတွင်း၌ ရက်ပေါင်း ၂၀ ကြာ စစ်ကြောင်းထိုးခဲ့ကာ ကျေးရွာ ၁၂ ရွာခန့်တို့မှ နေအိမ် ၃၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် မိုးမောက်မြို့တွင်လည်း စစ်အင်အားဖြည့်တင်းလျှက်ရှိကာ ၎င်းတို့အခြေချထားသည့် လုံဂျာတောင်မှ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များ ရှိရာတောင်ဘက်သို့ လက်နက်ကြီးများဖြင့်မကြာခဏ ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/896
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3973
Website ->https://eng.thanlwinkhet.net