Saw Smith
မေ ၁ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီး နေရာများကို ဖြန့်ကျက်၍ စစ်ဆင်ရေးများ ပြုလုပ်နေသည့် တစ်လကျော်ကြာကာလအတွင်း၌ BGF စခန်း ၈ ခုထက်မနည်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု သိရသည်။
တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း (၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် စစ်ကြောင်းပူးပေါင်း၍ ပြီးခဲ့သောမတ်လ ၂၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲမှစပြီး မြဝတီမြို့အနီးနေရာများကို စစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြသည်။
စစ်ကောင်စီနှင့် BGF ဂိတ်စခန်းများ၊ အခြေချစခန်းများနှင့် ၎င်းတို့ထိန်းချုပ်ထားသော ကျောက်မိုင်းလုပ်ကွက်များနှင့် စီးပွားရေးလုပ်ငန်းတချို့တို့ကို ပူးပေါင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
“မြို့သစ်ထဲက BGF စခန်း တစ်ခုရယ်၊ သိန်းတန်စခန်းရယ်၊ ကျော်စိုးစခန်းရယ် သိမ်းထားနိုင်တယ်။ နောက်ထပ်ကကျောက်မိုင်းဘက်ခြမ်းမှာ တစ်ခု ရှိဦးမယ်” ဟု မဲကနယ်ဘက်ရှိ ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးကBGF စခန်းများကို သိမ်းဆည်းထားနိုင်သည့်အခြေအနေကို ပြောသည်။
ပူးပေါင်းတပ်များက အဆိုပါစခန်းများအပြင် ဗိုလ်မုတ်သုန်၏ BGF ၁၀၂၂ တပ်ရင်းနေရာတော်တော်များများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
အတွင်းမဲကနယ်၊ မြို့သစ်နှင့် ကျောက်တောင်ဘက်ခြမ်းတို့တွင် မဟုတ်သည့် ဝှေ့ရှမ်း၊ ပေါလော၊ သံပုရာ၊ ထီးဝါပလော စသည့် ကျေးရွာအနီးဘက်တွင်လည်း BGF စခန်း ၄ ခုခန့်ကို သိမ်းထားနိုင်သည်ဟု အဆိုပါဘက်ခြမ်းရှိ PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ဘက်မှာ စခန်း ၄ ခုလောက် သိမ်းထားနိုင်တယ်။ ကျွန်တော်တို့ဘက်ခြမ်းက အတွင်းမဲကနယ်နဲ့ကနည်းနည်းဝေးတယ်” ဟု ၎င်းကပြောသည်။
ပူးပေါင်းစစ်ကြောင်းများက စခန်းများကို သိမ်းပိုက်ရရှိချိန်၌ နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး ပစ္စည်းတချို့ကိုသိမ်းဆည်း၍ စခန်းများကိုဖျက်ဆီးပြီးနောက် ထိုနေရာများမှ ပြန်ဆုတ်ခွာခဲ့ကြသည်။
မြဝတီမြို့အနီးတွင် ပြီးခဲ့သော ဧပြီလအတွင်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၇၅ ဦး သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု
ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
မြဝတီမြို့အနီးတွင် ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီ၊ BGF တပ်တို့သည် ဧပြီလ ၁ ရက်မှ ၁၃ ရက်အထိနေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနောက် လက်နက်ကြီးပစ်ကူ၊ လေယာဥ်ပစ်ကူများဖြင့် ပူးပေါင်းစစ်ကြောင်းများဘက်သို့ စစ်ကောင်စီနှင့် BGF တို့က ထပ်မံစစ်ကြောင်းထိုးခဲ့ရာ ဧပြီလ ၁၈ ရက်၊ ၁၉ ရက်တို့တွင်ထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။
မြဝတီမြို့အနီး တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီတပ်ဘက်က ဧပြီ ၂၉ ရက်တွင်လည်း လက်နက်ကြီးဖြင့် အကြိမ်ရေ ၉၀ အထက်နှင့် Missile ဖြင့် ၈ ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာနယ်မြေလုံခြုံရေးယူထားသော ပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်မှ တပ်ရင်းအမှတ် (၂၀၇) ၏ ဗိုလ်မှူးတစ်ဦး၊ IO တစ်ဦးနှင့် အခြားစစ်သည် ၃ ဦး စုစုပေါင်း ငါးဦးသေဆုံး၍ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ကကျောက်မိုင်းဘက်ကို ဆင်းလာတဲ့ အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ။ မဲကနယ်ဘက်က တိုးမပေါက်လို့ မေတ္တာလင်းမြိုင်လက်ခတ်တောင်ဘက်ကနေ ဆင်းလာကြတာ” ဟု ဧပြီ ၂၉ ရက်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဆင်းလာသည့်အခြေအနေအား PDF ရဲဘော်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်သည် ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းကို ထိုးစစ်ဆင်ရန် ပြီးခဲ့သည့်ဧပြီလတွင် အင်အားများ ဖြည့်တင်း၍ ဝေဟင်၊ မြေပြင်တို့မှ စစ်ကြောင်းထိုးမှုများကိုဆက်တိုက် ပြုလုပ်နေသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/893
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3968
Website ->https://eng.thanlwinkhet.net