ကောင်းချစ်အောင်
ဧပြီ ၂၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သတင်းပေးသူ တရားခံလေးဦးကိုဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တရားခံများဖြစ်သည့် သိန်းရွှေ ၅၃နှစ် (ဘ)ဦးပဲ ၊ ဦးချို ၆၁နှစ် (ဘ)ဦးတင်၊ ဇော်မင်း ၃၆နှစ် (ဘ)ဦးကျန်တင်၊ ယဉ်ယဉ်ဝင်း ၃၀နှစ်(ဘ)ဦးမြင့်စိုး လေးဦးကို NUGလက်အောက်ခံရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများသည် ပဇီကြီးရွာခံများဖြစ်ကြပြီး ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ဖြင့် အမှုဖွင့်လှစ်ထားရှိကာ အမှုအား ခိုင်မာစွာတည်ဆောက် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ပျူခေါင်းဆောင် ဦးဝါသဝနှင့် စစ်ကောင်စီသတင်းပေးဖြစ်သူဒေါ်နွဲ့ယဉ်တို့နှစ်ဦးကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။
“မင်းအောင်လှိုင်၊ လေတပ်စစ်ဦးစီးချုပ်၊ လေယာဉ်အုပ်မှူး၊ လေယာဉ်မောင်းသူ(၂) ဦး ၊ ရဟတ်ယာဉ်မောင်းသူ (၁) ဦး စုစုပေါင်း၆ဦးကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှုးက ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် တရားလိုပြုလုပ် အမှုဖွင့်ထားတယ်“ဟုဆိုသည်။
ယခုလ ဧပြီ ၁၁ရက်၊ နံနက်၇နာရီခွဲအချိန်၌ ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အနီးနားရွာများရှိရွာသူရွာသားများကို ဖိတ်ကြား၍ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ် စစ်ကောင်စီဘက်မှYak-130 တိုက်လေယာဉ်နှင့် Mi-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးသည့် အရပ်သားပြည်သူများအပါအဝင် ပြည်သူ ၁၈၁ဦးသေဆုံးပြီး၂၉ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်ဟု NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/879
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3945
Website ->https://eng.thanlwinkhet.net