ယမင်းဖူးပွင့်အောင်
ဧပြီ ၂၈၊ ၂၀၂၃။
မကွေးတိုင်း၊ မင်းလှမြို့နယ်က ချင်းလူမျိုးစုများ နေထိုင်သည့် ရေယဉ်ရွာကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ရေယဉ်ကျေးရွာကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ခဲ့ရာ မိုးတွင်းစာ စုဆောင်းထားသည့် စားနပ်ရိက္ခာများပျက်စီးသွားသည့်အတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ ဒေသခံတောင်သူ တောင်သားတွေက နောက်သီးနှံ မပေါ်ခင် စားဖို့ စုဆောင်းထားပြီး ကိုယ့်ယာထွက် သီးနှံ၊စပါးကိုပဲ အဓိက စားကြပြီး ဝမ်းစာလောက်အောင် စပါးမရမှ ဝယ်စားကြတာ။အခု မိုးတွင်းစာ စုထားတာတွေပါပါသွားတယ်” ဟု ၎င်းကပြောသည်။
မီးရှို့မှုကြောင့် စစ်ဘေးရှောင်နေသည့် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ မိုးတွင်းကာလ စားနပ်ရိက္ခာများအတွက် စိုးရိမ်ပူပန်နေရသည်ဟု၎င်းက ဆက်ပြောသည်။
ရေယဉ်ကျေးရွာသည် အိမ်ခြေ ၂၃လုံး ခန့်သာရှိသော ချင်းလူမျိုးအများစု နေထိုင်ကြသည့် တောင်ပေါ်ဒေသကျေးရွာတစ်ခုဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တစ်လုံးသာ မီးမလောင်ပဲ ကျန်ခဲ့သည်ဟု ကူညီသူများကပြောသည်။
“ချင်းရွာတွေဖြစ်တဲ့အတွက် ရွာငယ်တွေများတယ်။၂၃ အိမ်ဆိုတာ တောင်ပေါ်ဒေသမှာ ရွာကြီးပဲ။ တစ်ချို့ဆို အိမ်နှစ်လုံးတည်းနဲ့ ရွာလို့ခေါ်တာတောင်ရှိတယ်” ဟု လတ်တလော ကူညီပေးနေသူတစ်ဦးကပြောသည်။
နေအိမ်များကို မီးရှို့ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ကတည်းက စစ်ကြောင်းပြန်ထွက်သွားသော်လည်း ပြည်သူများက စိုးရိမ်ထိတ်လန့်ပြီး ရွာထဲပြန်ဝင်နိုင်ခြင်းမရှိသေးဟု ၎င်းကဆက်ပြောသည်။
မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရေယဉ်ရွာအနီးတဝိုက်ရှိ ချောင်းသာကျေးရွာ၊ တောင်ဖီလာကျေးရွာနှင့် ရဖုံကျေးရွာအပါအဝင် ရွာပေါင်းငါးရွာခန့်မှ ပြည်သူ ၄၅၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေယဉ်ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံများကို ရိုက်နှက်ခဲ့ဖူးသည်ဟု သိရသည်။
ပုံစာ– မီးရှို့ခံရသည့် ရေယဉ်ကျေးရွာမြင်ကွင်း။
Photo – ပေးပို့။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/864
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3914
Website ->https://eng.thanlwinkhet.net