သဇင်
ဧပြီ ၂၈၊ ၂၀၂၃။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ယမန်နေ့ ဧပြီလ (၂၇)ရက် ည(၇)နာရီခန့်တွင်ညောင်ခါးရှည်ရဲစခန်းအတွင်း ရဲများတန်းစီနေချိန်တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သူတို့(ရဲတပ်ဖွဲ့ဝင်များ)တန်းစီနေချိန် ဝင်ရောက်ပစ်ခဲ့တယ်။သူတို့ဘက်ကလဲ စက်လက်သေနတ်တွေနဲ့ပြန်ပစ်တယ်။(၁၅)မိနစ်လောက် ကြာတယ်။သူတို့ဘက်က ဂိတ်ဝမှာစောင့်နေတဲ့ တစ်ယောက်သေတယ်၊ နှစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်“ဟုပြောသည်။
ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဗုံးဖြင့် ဝင်ရောက်ပစ်ခဲ့ရာ ပေါက်ကွဲခဲ့ခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ရဲစခန်းအနီးရှိ ပြည်သူနေအိမ်တချို့ လည်း ပျက်စီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါအစီအစဉ်များကို ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တပ်ရင်း(၃၇၀၁) ပြောက်ကျား အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယင်းဖြစ်စဉ်အပြီး ယနေ့ဧပြီလ (၂၈)ရက် မနက် ၁၀နာရီခန့်တွင် ပဲခူးတိုင်းဝေါမြို့နယ် ကွင်းရွာမှဒေသခံ(၂၀)ကျော်အား PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်)များဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ကွင်းရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်တဲ့လမ်းကြောင်းက ရွာဖြစ်လို့ သူတို့တွေက ရွာထဲက မသင်္ကာတဲ့လူတွေကို လာဖမ်းပြီး ဝေါရဲစခန်းထဲ ခေါ်သွားတယ်“ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၆ရက်တွင် ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာအတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သည်။
ပုံစာ– ညောင်ခါးရှည်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ မြင်ကွင်း/ပုံဟောင်း။
Photo-ZS
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/862
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3910
Website ->https://eng.thanlwinkhet.net