Saw Smith
ဧပြီ ၂၂ ၊ ၂၀၂၃ ။
ချင်းအမျိုးသားတပ်မတော် CNA/CNF တပ်မဟာ၄ စခန်းကိုစစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦးထိခိုက်ကျဆုံးခဲ့သည်ဟု CNA တပ်ဖွဲ့ဝင်များထံမှသိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ CNA တပ်မဟာ၄ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ကယမန်နေ့ ဧပြီ၂၁ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
” မနေ့က နေ့လည် ၁၁ နာရီ ဝန်းကျင်ပေါ့လေ ။ Jet fighter နဲ့ စခန်းကို ၂ ကြိမ် ပစ်ခတ်သွားတာဖြစ်တယ်“ဟုရှေ့တန်းစစ်မြေပြင်မှ CNA ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNA ဒုဗိုလ်ဆလိုင်းကိုရိန်းနှင့် CNAဆေးဌာနမှတပ်ကြပ်ကြီး ရဲမေမိုင်ကိုင်ကိုင်တို့ကျဆုံးခဲ့သည်ဟု၎င်းကဆက်လက်ပြောကြားသည်။
ထို့ပြင် စခန်းနေရာအတွင်းရှိ အဆောက်အဦးတချို့လည်းထိခိုက်ပျက်စီးခဲ့သည်ဟု ရှေ့တန်းမှ CNA တပ်ဖွဲ့ဝင်တစ်ဦးက ဗီဒီယိုမှတ်တမ်းပေးပို့၍ သံလွင်ခက်အား အတည်ပြုပြောကြားသည်။
လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CNA ပြောခွင့်ရ ဆလိုင်းထက်နီထံ သံလွင်ခက်က ယမန်နေ့ကတည်းက မေးမြန်းထားခဲ့ရာ ယနေ့ထိပြန်လည်ဖြေကြားခြင်းမရှိသေးပေ ။
စစ်ကောင်စီတပ်သည် ယခုနှစ်စပိုင်းမှစ၍ ချင်းပြည်နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခဲ့ရာချင်းပြည်မြောက်ပိုင်းတွင် CNA/CDF ဌာနချုပ်အပါအဝင် အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုတွင် ၅ ဦးနှင့်အထက် သေဆုံးမှု ၃ကြိမ်ရှိခဲ့သည်။
ယခုနှစ်ဇန်နဝါရီလ ဒုတိယအပတ်တွင်း၌ ထန်တလန်မြို့နယ်ရှိ CNA/CNF ဌာနချုပ်ဗုံးကြဲတိုက်ခိုက်ခံရမှု၌ CNA တပ်ဖွဲ့ဝင်၅ ဦးကျဆုံးခဲ့ရသည်။
ထို့ပြင်မတ်လ၃၀ရက်တွင်လည်း ထန်တလန်မြို့နယ်ရှိ ခွာဖိုကျေးရွာကိုတိုက်လေယာဥ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ၈ ဦးသေဆုံးခဲ့သည်။
ယခုဧပြီလ ၁၀ရက်တွင်လည်း ဖလမ်းမြို့နယ်ဝေဘူမြို့ကို ဗုံးနှစ်လုံးကြဲချခဲ့ရာ ကလေးငယ်နှင့်ကျောင်းဆရာများအပါအဝင် ပြည်သူ၉ဦးသေဆုံးခဲ့ရသည်။
” စစ်ရေးနဲ့မဆိုင်တဲ့နေရာမှာ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ စစ်ရာဇဝတ်ကျူးလွန်တာပဲ ။
နောက်ပြီးကျောင်းလိုနေရာမျိူးကို ပစ်မှတ်ထားပစ်တယ်ဆိုတာ လူ အစုအပြုံလိုက်သေစေချင်တဲ့ သဘောပဲ“ဟု ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောခွင့်ရဆလိုင်း ကျုံးငိုင်းက ဝေဘူလမြို့လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သံလွင်ခက်ကိုပြောထားသည်။
စစ်ရေးမှတ်များသာမက အရပ်သားပြည်သူများကိုပါရည်ရွယ်ချက်ရှိရှိလေကြောင်းမှတိုက်ခိုက်နေသည့်စစ်ကောင်စီကို နိုင်ငံတကာက လက်တွေ့ကျကျအရေးယူဆောင်ရွက်ရန်လိုကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
အရပ်သားပြည်သူများအပေါ်စစ်ရာဇဝတ်မှုများအကြိမ်ကြိမ်ကျူးလွန်နေသည့် စစ်ကောင်စီကို အမြစ်ပြတ်သည်အထိဆုံးခန်းတိုင်တိုက်ခိုက်ချေမှုန်းသွားမည်ဟု CNA၊ CNDF၊ CDF အပါအဝင်ချင်းပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။
ပုံစာ–ယမန်နေ့ဧပြီ၂၁ရက်လေကြောင်းတိုက်ခိုက်မှု၌ ကျဆုံးခဲ့သောCNA တပ်ဖွဲ့ဝင်နှစ်ဦး ။
CNA တပ်မဟာ ၄ စခန်း လေကြောင်းတိုက်ခံရသည့် ပျက်စီးမှုအခြေအနေ ရုပ်သံအား သံလွင်ခက်၏ တယ်လီဂရမ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/756
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3727
Website ->https://eng.thanlwinkhet.net