သံလွင်ခက်
ဧပြီ ၂၂ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊တောင်တွင်းဒေသ၊မအူရွာ(ပျူရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့တွင် MKPDF-2တပ်ရင်းက သတင်းထုတ်ပြန်သည်။
ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းသည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍ တောင်တွင်းဒေသ၊မအူပျူရွာ၊ စခ/ပျူရှေ့တန်းစခန်းအား ဧပြီလ ၁၀ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အမှတ် ၁၁ တပ်ရင်းအနေဖြင့် နယ်မြေစိုးမိုးမှုများ ဆက်တိုက်ဆောင်ရွက်နေပြီး စစ်ကောင်စီ၏အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ခုအား ဖျက်စီးနိုင်ခဲ့သည်ဟုဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ရှေ့တန်းစခန်း၊ ကတုတ်ကျင်း၊ဘန်ကာများအား ဖျက်စီးနိုင်ခဲ့မှုနှင့် ရဟတ်ယာဥ် ဆင်းကွင်း ၂ကွင်း ဖျက်စီးနိုင်ခဲ့မှုများကို မှတ်တမ်းပုံများနှင့်အတူ ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သည့်နေရာများအား ရှောင်ရှားကြရန်နှင့် သတိပေးထုတ်ပြန်ချက်များကို လိုက်နာပူးပေါင်းပေးကြပါရန် MKPDF-2တပ်ရင်းက သတိပေးထားသည်။
တောင်တွင်းဒေသ၊မအူပျူရွာ၊ စခ/ပျူရှေ့တန်းစခန်းအား သိမ်းပိုက်ရရှိချိန်၌ စစ်ကောင်စီနှင့်ပျူစောထီးတို့ဘက်မှထိခိုက်မှုအခြေအနေ ၊ စခန်းတွင်း၌ စက်နက်လက်ပစ္စည်းများ သိမ်းဆည်းရမိသည့်အခြေအနေတို့အား MKPDF-2 ထံ သံလွင်ခက်ကမေးမြန်းထားရာ လက်တလောတွင်ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ကလေးခရိုင်၊အမှတ် ၁၁တပ်ရင်း၊ မင်းကင်းနှင့် မဟာမိတ်တပ်ဖွဲ့ KG ပူးပေါင်းအဖွဲ့များသည် ဧပြီလ ၁ရက်နှင့်၂ရက်တို့တွင် မအူရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးတပ်တို့အား ၆၀ မမ ၊ ၄၀မမ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် အီနာဂါ၄လုံးချ၍တိုက်ခိုက်ခြင်းနှင့် လက်နက်ငယ်များ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/755
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3724
Website ->https://eng.thanlwinkhet.net