Saw Smith
ဧပြီ ၂၂ ၊ ၂၀၂၃ ။
ယခုလအတွင်း၌တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် မြဝတီမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် တစ်နေကုန်လက်နက်ကြီးများဖြင့်ပစ်နေခဲ့သည့်အပြင် ညသန်းခေါင်ကျော်ချိန်၌လည်း တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်များက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်၊ BGFတပ်တို့နှင့်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီမြို့အနီးမဲကနယ်ကျေးရွာနှင့်ကျောက်တောင်များတဝိုက်ကို စစ်ကောင်စီဘက်မှ အမြှောက်၊ ဟောင်ဝှစ်ဇာ များဖြင့် တနေကုန်ပစ်ခတ်ခဲ့သော်လည်း ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယမန်နေ့ဧပြီ၂၁ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဟောင်ဝှစ်ဇာ အမြှောက်များဖြင့် အကြိမ်ရေများစွာပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးခဲ့ပြီး ရန်သူထိခိုက်ဒဏ်ရာရရှိမှုအား စုံစမ်း စီစစ်ဆဲဖြစ်သည်ဟု ယမန်နေ့ညပိုင်း၌ ကော်ဘရာစစ်ကြောင်းကဖော်ပြထားသည်။
စစ်ကောင်စီဘက်က တစ်နေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောက်မိုင်းနယ်မြေရှိအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၁)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
” ပွိုင့် 5နဲ့ကုပ်တယ် ။ ၈၁မမ ထုတယ် ။ ဟောင်ဝှစ်ဇာလည်းပစ်တယ် ။ တင့်ပါလားမသိဘူး။ ပဲ့သံက တင့်ကားသံလိုမျိုး “ဟု ယမန်နေ့တွင်စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုအခြေအနေကို ရှေ့တန်းရှိPDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့တွင်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေခဲ့သည့်အပြင် ညသန်းခေါင်ကျော်ချိန်( ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်)တွင် တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ညအချိန်မတော်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲမှုကို မြဝတီမြို့တွင်းရှိနေသူများပါ အသံကျယ်ကျယ်လောင်လောင်ကြားရပြီး အိမ်များပင်တုန်သည်ဟု မြို့ခံများထံမှသိရသည်။
စစ်ကောင်စီ၏လေကြောင်းမှ ညအချိန်ပိုင်းလာရောက်တိုက်ခိုက်မှုတွင် ပူးပေါင်းစစ်ကြောင်းမှ ထိခိုက်မှုမရှိကြောင်းနှင့်ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုမရှိဘဲငြိမ်နေသည်ဟု ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦးက နံနက် ၇နာရီခွဲခန့်တွင် ပြောသည်။
” မနေ့က တစ်နေကုန်လက်နက်ကြီးနဲ့ပစ်ပြီး ည၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့လာတိုက်တယ်။ အခုမနက်ပိုင်းငြိမ်နေပေမယ့် စစ်ကြောင်းတွေထိုးလာနိုင်တဲ့ အခြေအနေရှိနေနိုင်တယ် “ဟု၎င်းကပြောသည်။
မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်နေရာယူ၍ စစ်ကောင်စီတပ်နှင့်BGF စခန်းများကိုတိုက်ခိုက်နေရာ ယခုလအတွင်း၌ ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီ၊BGFတပ်တို့သည် ယခုလ ၁ရက်မှ ၁၃ရက်အထိ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ပူးပေါင်းတပ်များရှိရာအတွင်းမဲကနယ်ကျေးရွာဘက်သို့စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ခလရ၁၀၂၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်းတို့က လက်နက်ကြီးများကို နေ့ရောညပါပစ်ခတ်၍စစ်ကြောင်းထိုးလာသောကြောင့် ဧပြီ၁၈ရက်နှင့်၁၉ရက်တို့တွင် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
မြဝတီမြို့အနီးတွင် ယခုလအတွင်းဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီနှင့်BGFတို့မှ ၇၀ ဦးသေဆုံးထားပြီးလက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရမိထားသည်ဟု ပူးပေါင်းစစ်ကြောင်းများက သတင်းထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/754
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3721
Website ->https://eng.thanlwinkhet.net