သဇင်
ဧပြီ ၂၀၊၂၀၂၃။
ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား (၂ )စီးကို တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် မိုင်း၂ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တပ်ဖွဲ့ဝင်များထံမှသိရသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးရုံသို့ပို့ဆောင်စဉ် ကြားဖြတ်တိုက်ခံရခြင်းဖြစ်သည်။
တကောင်းဆေးရုံမှ ၇ မိုင် ဆေးရုံသို့ ပို့ဆောင်ရန် ကုမ္ပဏီကား၂စီးဖြင့် မြို့ထဲမှထွက်လာချိန် မတောင်ရွာအနီးတွင် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တကောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဧပြီ ၁၃ရက်ကနေ ၁၅ရက်အထိ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲတွေမှာ ဒဏ်ရာရပြီး တကောင်းဆေးရုံထဲမှာ ဆေးကုသမှုခံယူနေတာ။မနိုင်တော့လို့ ၇မိုင်စစ်ဆေးရုံကိုပို့နေချိန် ကြားဖြတ်ဖောက်ခွဲတိုက်ခိုက်တာပါ။သူတို့ဘက်က ပြန်တောင်မပစ်နိုင်ပါဘူး“ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် (ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခန့်မှန်း)လိုက်ပါလာသောကား၂စီးအနက်နောက်ဆုံးကားထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဧပြီလ ၁၃ ရက်နေ့တွင် နီကယ်စက်ရုံတောင်ပေါ် ၌ တပ်စွဲထားသော တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်ခန့်မှန်း အင်အား ၇၀ ကျော်သည် တကောင်းတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
ယင်းနောက်ဧပြီလ ၁၅ ရက်နေ့အထိ တကောင်းတိုက်နယ်အတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လတ်တလောတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တကောင်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရသည်။
ပုံစာ-(စစ်ကောင်စီတပ်ဖွဲ့ဝင်များမြင်ကွင်း-/ပုံဟောင်း)
photo -crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3681
Website ->https://eng.thanlwinkhet.net