သံလွင်ခက်။
ဧပြီ ၂၀၊ ၂၀၂၃။
လေကြောင်းပစ်ခတ်ခံရပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံပစ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပဇီကြီးကျေးရွာ ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာ မီးလောင်နေပြီ။ လေကြောင်းပစ်လို့ မီးလောင်သွားတာပါ။လေယာဉ်က နောက်ထပ် ထပ်လာမယ်ပြောသံကြားနေရတယ်။ ဘယ်သူမှမကပ်ရဲဘူးဗျ။ ရွာမီးလောင်တာကိုအဝေးကနေ လှမ်းကြည့်နေရတာပဲ” ဟု ပြောသည်။
စစ်ကောင်စီလေတပ်သည် တိုက်လေယာဉ် တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပဇီကြီးကျေးရွာ မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အပစ်ခံရတာမှန်ပါတယ်။ ဂျက်ဖိုက်တာ တစ်စီးတည်းနဲ့ သုံးချက်ပစ်သွားတာ။ ရွာတော့ မီးလောင်နေပြီ” ဟု၎င်းကပြောသည်။
ပဇီကြီးကျေးရွာအနီးတွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများ ရှိနေပြီး လေကြောင်းရန်ကို စိုးရိမ်ရသဖြင့်ကျေးရွာ မီးလောင်ကျွမ်းမှုကို ငြိမ်းသက်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။
လတ်တလောတွင် ပဇီကြီးကျေးရွာအပါအဝင် ချောင်းမကြီးကျေးရွာ၊ ချောင်းသားကျေးရွာ၊ လေးတွင်းစဉ်ကျေးရွာ၊ မယ်ဇတောကျေးရွာနှင့် ရွာသာယာကျေးရွာများမှ ဒေသခံငါးထောင်ခန့် ဘေးလွတ်ရာစစ်ဘေးရှောင်နေရသည်။
စစ်ကောင်စီက ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့က တစ်နေ့တည်း လေကြောင်း ပစ်ခတ်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၁၆၈ ဦးသေဆုံးကာ ၁၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3678
Website ->https://eng.thanlwinkhet.net