ကောင်းချစ်အောင်
ဧပြီ ၂၀၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှတိုက်ခိုက်နေသည် စစ်ကောင်စီ Pilot(လေယာဥ်မောင်းသူ)များကို ရှင်းလင်းနိုင်လျှင်ဆုကြေးချီးမြှင့်သွားမည်ဖြစ်သည်ဟု မင်းတပ် CDFက ကြေညာလိုက်သည့်အပြင်တာဝန်ရှိသူကိုပါ စုံစမ်းဖော်ထုတ်ပေးထားသည်။
မင်းတပ်မြို့နယ်ကျေးရွာများကို ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစ၍ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ပြည်သူသေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ရှိလာနေသောကြောင့် CDF Mindatအနေဖြင့် စစ်ကောင်စီလေယာဉ်မောင်းသူ(ပိုင်းလော့)များကို စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု ဆိုသည်။
စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေယာဉ်မောင်းသူ) ၂ ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်သည်။
အဆိုပါပိုင်းလော့နှစ်ဦးသည် အာဏာသိမ်းစစ်ခေါင်းဆောင် အထူးအားကိုးသူများဖြစ်ပြီး Yak အုပ်စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ ၃ နေရာတွင် ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်၏အုပ်ချုပ်မှုလက်အောက်ခံဖြစ်သည်။
ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်သည် အုပ်ချုပ်မှူးအဖြစ် တံတားဦး လေတပ်စခန်းတွင် တာဝန်ယူနေသူဖြစ်သည်ဟု မင်းတပ်CDFကစုံစမ်းဖော်ထုတ်ထားသည်။
မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်နေသည့် လေကြောင်းတာဝန်ရှိသူများအား အပြစ်ပေးစီရင်နိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ၅၀၀ တန်ဖိုးရှိ မြေကွက် ချီးမြှင့်သွားမည်ဟု CDF-Mindat က ယမန်နေ့တွင်ထုတ်ပြန်ကြေညာသည်။
CDF-Mindat ၏ ထုတ်ပြန်ကြေညာချက်အပေါ် ထောက်ခံကြိုဆိုပြီး NUGထံမှ ဆုငွေပုံစံမျိုးရလျှင် မြို့ပြပျောက်ကြားအဖွဲ့များအနေဖြင့် ငွေကြေးအခက်အခဲ အတိုင်းအတာတစ်ခုထိ အဆင်ပြေလာနိုင်သည်ဟု အမည်မဖော်လိုသူ Mandalay UG တစ်ဦးကဆိုသည်။
“အခုလို ဆုငွေပုံစံရရင် အကောင်အထည်ဖော်မှုအပိုင်းမှာ လုပ်ချင်စိတ်ပိုရှိလာမယ်။ နောက်တစ်ခုက လေပေါ်ဝဲနေတာကို လေယာဉ်ပစ်ဘာညာနဲ့ပစ်တာထက် လေတပ်အခြေစိုက်စခန်းတွေ ပိုင်းလော့တွေ ဆီလမ်းကြောင်းတွေကိုပိုမိုအားထည့်လုပ်စေချင်တယ်“ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်း ယခုလဧပြီ ၁၆ ရက်တွင် မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး၁၇လုံးကြဲခဲ့သောကြောင့် ၄နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၂ လုံးမီးလောင်ပြီး စုစုပေါင်းလူနေအိမ် ၉ လုံးပျက်စီးခဲ့ရသည်။
အလားတူ တံတားဦးလေတပ်စခန်းမှ Yak 130 ဖြင့် ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့မှုအပါအဝင်စက်လက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် အရပ်သားပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ရသည်။
ပုံစာ–ဧပြီ ၁၆ရက်က မင်းတပ် ပန်းပါရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်စဉ် ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3669
Website ->https://eng.thanlwinkhet.net