ဧပြီ ၂၀ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး KNU အမှတ်၅ တပ်မဟာထံ စစ်ကောင်စီတပ်သား ၄ဦးလက်နက်ချအလင်းဝင်ရောက်လာခဲ့သည်ဟု KNU တပ်မဟာ၅ မူတြော်သတင်းက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် KNU တပ်မဟာ၅ နယ်မြေအတွင်းရှိ ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ စစ်ကောင်စီတပ်သား ၄ဦးသည် ယခုလ ဧပြီ၁၀ရက်တွင် KNLA ထံလက်နက်ချအလင်းဝင်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ခမရ(၃၄၁)မှ အသက်၂၈ နှစ်အရွယ် မောင်တိုးတိုး၊ ၂၃ နှစ်အရွယ် အောင်ပိုင်ဖြိုး၊ ၂၁နှစ်အရွယ် ရဲထက်ကျော်နှင့် ၃၀နှစ်အရွယ် ချိုလွင်ဦးတို့သည် MA-1 (၄)လက်၊ ကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆) ချပ်၊ လက်ပစ်ဗုံး(၂)လုံးနှင့် ခွင်းဗုံး(၅)လုံး ယူဆောင်လာ၍လက်နက်ချအလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါတပ်သား၄ဦးသည် ရှေ့တန်းစခန်းတွင်လာရောက်တာဝန်ထမ်းဆောင်စဉ်အတွင်း အထက်ခေါင်းဆောင်များ၏နိုင်ထက်စီးနင်းဆက်ဆံမှု၊ အထက်ခေါင်းဆောင်များဝဝလင်လင်စားနေရချိန်တွင် အောက်လက်ငယ်သားများမှာမူ မဝရေစာဖြင့်နေ့စဉ်စားသုံးနေရမှုအပေါ်ဆက်လက်ခံနိုင်ရည်စွမ်းမရှိတော့သဖြင့် KNLA-အမှတ်(၅)တပ်မဟာထံလက်နက်ချအလင်းဝင်ရောက်လာကြောင်း ၎င်းတို့မှရင်ဖွင့်ပြောကြားခဲ့သည်ဟု မူတြော်သတင်းကဖော်ပြထားသည်။
လက်နက်ချအလင်းဝင်လာသော စစ်ကောင်စီတပ်သားများသည် KNLA-အမှတ်(၅)တပ်မဟာလက်အောက်ရှိတပ်သားများနှင့်အတူလက်တွဲကာ စစ်ကောင်စီအားတန်ပြန်တိုက်ခိုက်သွားရန်ဆန္ဒရှိကြောင်းလည်းပြောကြားခဲ့သည်။
အာဏာသိမ်းကာလအတွင်း၌ ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးလက်အောက်ရှိ တပ်မဟာအသီးသီးထံလက်နက်ချအလင်းဝင်ရောက်လာမှုအပေါ် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နွေးထွေးပျူငှာစွာဖြင့် လက်ခံစောင့်ရှောက်ထားလျှက်ရှိသည်ဟု ကေအဲန်ယူ မူတြော်သတင်းက ဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3666
Website ->https://eng.thanlwinkhet.net