မေသံလွင်။
ဧပြီ ၁၉ ၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့အပါအဝင် အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၁၄ ရက်မှ စတင်ကာ ဖဒိုမြို့အပါအဝင် အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့်မှန်ချောင်း၊ ဆေးရိုးခင်၊ ဆယ့်လေး၊ ဖြူးစု၊ သဲဖြူစသည့် ကျေးရွာများမှ ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဖဒိုမြို့ အနီးတစ်ဝိုက် ကျေးရွာများကို ဝင်ထွက်သွားလာပြီး ဒေသခံများကို ဖမ်းဆီးနှိပ်စက်မှုများ နေ့စဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
” ဆယ့်လေးရွာက အပြင်သွားတဲ့ ကလေး ၅ယောက်ကိုဖမ်းပြီး အဝတ်မည်းတွေ စွပ်ပြီးတော့မှ နေပူလှန်း နှိပ်စက်တယ်။ ပြီးတော့ သူတို့ မသင်္ကာတဲ့ ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက်ပြီး ဒေသခံတွေကော NLD ပါတီဝင်တွေကော ထိုးလိုက် နှိပ်စက်လိုက် လုပ်နေကြတာ ” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖဒို – မြို့ချောင်း လမ်းတစ်လျှောက်သွားလာနေသည့် ဆိုင်ကယ်များကိုဖမ်းဆီးစစ်ဆေးမှုများလည်း လုပ်ဆောင်လျက်ရှိသည် ဖဒိုမြို့ခံတစ်ဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက “ အခုက မီတာသွားဆောင်တဲ့သူလည်းဖမ်းတယ်။ စျေးသွားဝယ်တဲ့သူလည်း ဖမ်းတယ်။ လမ်းမှာတွေ့တဲ့သူ အကုန်ဖမ်းနေတာ။ ဆိုင်ကယ်နဲ့ဆိုလည်း စစ်တယ် ပြီးရင် ဒူးထောက်ခိုင်းတယ်။ ကောင်းတဲ့ အစီးဆို ယူထားလိုက်ပြီး လူကို ပြန်လွှတ်လိုက်တယ် ” ဟု ဆိုသည်။
ဖဒို–မြို့ချောင်း သည် အမြန်လမ်းပေါ်မှတဆင့် ပဲခူးရိုးမပေါ်သို့ ဖြတ်သန်းသွားလာနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။
သို့သော် လက်ရှိ ဖမ်းဆီးခံထားရသူများသည် သာမန် အရပ်သားပြည်သူများသာဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံ ၅၀ ကျော်ထဲမှ ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်လာသူ တချို့ရှိသော်လည်းအများစုသည် အဆက်သွယ်ပြတ်တောက်နေကာ မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရဟု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးထားသည့်နေရာအပြင် ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ်မရရှိသည့်အတွက် ၎င်းတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
၂၀၂၁ခုနှစ် ဇွန်လလယ်ပိုင်းတွင် ပဒိုမြို့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီးဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
ထို့အတူ ၂၀၂၁ခုနှစ် မတ်လ ၂၇ ရက် ( ဖက်ဆစ်တော်လှန်ရေးနေ့ )တွင် ဖဒိုမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၄၀၃) ဦးရှိပြီး၎င်းအထဲမှ (၁၇၄၉၉) ဦးသည်ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက်မှ (၅၆၀၁) ဦးသည်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ – ၂၀၂၁ခုနှစ် ဖဒိုရဲစခန်းအနီး ဗုံးပေါက်ကွဲပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း/ ပုံ – အဟောင်း
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3644
Website ->https://eng.thanlwinkhet.net