သဇင်
ဧပြီ ၁၈၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တောစပ်မှ ဆင်များ မြဝတီမြို့ထဲသို့ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။
ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြဝတီမြို့ ၊အမှတ် (၄) ရပ်ကွက် ၊အေးသာယာ (၆)လမ်းရပ်ရှိ လူနေအိမ်ခြံထဲသို့ အရွယ်ရောက်ပြီးသား ဆင်ကြီး နှစ်ကောင် ရောက်ရှိလာသည့်အတွက် ဒေသခံများခြောက်လှန့်မောင်းထုတ်ခဲ့ရသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဆင်ဦးစီးတွေ လာကူပေမယ့် သူတို့က အရိုင်းဆိုတော့ ထိန်းမရဘူး။ နောက်ဆုံးတော့ သံဗုံးတီးတဲ့ နည်းလမ်းကိုပဲအသုံးပြုလိုက်ရတယ်။ လူအုပ်ကြီးနဲ့ သံပုံးတီး မောင်းထုတ်လို့ တောဘက် ပြန်ဝင်သွားပြီ” ဟု ၎င်းက ပြောသည်။
ဒေသခံများ စုပေါင်းခြောက်လှန့်သည့်အတွက် ရပ်ကွက်အတွင်းမှ ည ၁၂ နာရီခန့်တွင် ထွက်ခွာသွားသည်ဟု ၎င်းကဆက်ပြောသည်။
ကရင်ပြည်နယ် ဒေါနတောင်ခြေရှိ ကွင်းကလေးကျေးရွာနှင့် ကျောက်ဝိုင်းတောင်ခြေ အနီးတဝိုက်တွင် ဆင်များကျက်စားလေ့ရှိပြီး မြဝတီမြို့အနီးဖြစ်ပွားသောတိုက်ပွဲများကြောင့် တောတွင်းမှဆင်များ ကြောက်လန့်ကာထွက်ပြေး လာခြင်းဖြစ်သည်ဟု ဆင်ဦးစီးများက သုံးသပ်ထားကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွါးခဲ့သည့် တိုက်ပွဲများတွင် ကွင်းကလေးကျေးရွာသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုဝင်ရောက်လာသော ဆင်များသည် တောဆင်ရိုင်းများ ဖြစ်သည့်အတွက် အန္တရာယ်ပြုနိုင်ပြီး သတိထားရန်လိုအပ်သည်ဟုလည်း ကွင်းကလေးဒေသဆင်ထိန်းတစ်ဦးက ပြောသည်။
“သူတို့(ဆင်)ကပြောနေကျ ကရင်စကားလည်း နားမလည်ဘူး။ အစွယ်လည်း မဖြတ်ထားသေးဘူး။ ခြေထောက်မှာလည်း သံကြိုးမရှိဘူး။ တောရိုင်းဆင်မို့ လူကို အန္တရာယ်ပြုနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ယခုနှစ်အတွင်း ကရင်ပြည်နယ် ဖာပွန်၊ကော့ကရိတ်၊မြဝတီ ခရိုင် များတွင် မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရှောင်ပြည်သူများလည်း နေရပ် မပြန်နိုင်သေးဟု ကူညီသူများကပြောသည်။
Photo – Crd ပုံစာ–မြဝတီမြို့၊အမှတ်(၄)ရပ်ကွက် တွင်း ရောက်ရှိလာသော ဆင်များမြင်ကွင်း။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3625
Website ->https://eng.thanlwinkhet.net