သံလွင်ခက်။
ဧပြီ ၁၇၊ ၂၀၂၃။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်နေ့အဖြစ် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၃၀၀၀ ကျော်ကို ခံဝန်လက်မှတ်ထိုးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်သည်။
အကျဉ်းသား ၃၀၀၀ ကျော်တွင် ၂၀၀ နီးပါးကို ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွှတ်ပေးခဲ့သည်ဟု ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။
အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်ငြိမ်းဖြင့် လွတ်မြောက်သည့်ထဲတွင် နိုင်ငံရေးအကျဉ်းသား များပါဝင်ခြင်းမရှိဟု နိုင်ကျဥ်းမိသားစုဝင်များကပြောသည်။
စစ်ကောင်စီ လွတ်ငြိမ်းတွင် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှုနှင့် အခြားပြစ်မှုပြစ်ဒဏ်ချမှတ်ခံရသူ အများစုသာ ပါဝင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သံလွင်ခက်ကို ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခြင်းသည် နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီ၏ အားနည်းနေသည့်အလားအလာဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သံလွင်ခက်ကိုပြောသည်။
“ဒီလိုချိန်မျိုးမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စဉ်းစားလို့ မရပါဘူး။ စစ်ကောင်စီက စဉ်းလည်း မစဉ်းစားပါဘူး။ ထပ်ဖမ်းဖို့ပဲ ကြိုးစားနေတဲ့ချိန် ဖြစ်ပါတယ်။ သဘာဝကျတဲ့ လုပ်ရပ်တစ်ခုလို့ ယူဆပါတယ်။ အဲဒါဟာ သူ့ရဲ့ နွေဦးတော်လှန်ရေးမှာ ဆုံးရှုံးမှုအလားအလာ ပိုမိုနီးကပ်လာတဲ့ သဘောလက္ခဏာလို့ ယူဆပါတယ်” ဟု၎င်းကပြောသည်။
အကျဉ်းထောင်တွင် ရှိနေသူအားလုံးကို လွတ်မြောက်စေချင်သော်လည်း နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများကိုလည်း မျှမျှတတ လွတ်မြောက်စေချင်သည်ဟု ယနေ့အကျဉ်းထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့သူနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာတဲ့အထဲမှာ ပါလာတာလည်းမတွေ့ခဲ့ ၊မကြားခဲ့ရပါဘူး။အကျဉ်းထောင်ထဲမှာနေကြရတဲ့သူတွေအားလုံးကလူသားတွေပါဘဲ၊ အားလုံးကလည်းလွတ်လပ်ချင်ကြမှာပါ။ယုံကြည်ချက်ကြောင့်နိုင်ငံရေးအကျဉ်းသားဖြစ်နေသူတွေကိုလည်း မျှမျှတတနဲ့ လွတ်မြောက်ခွင့်ပေးစေချင်ပါတယ်” ဟု ၄င်းကပြောသည်။
လတ်တလော စစ်ကောင်စီတပ်၏အဘက်ဘက်ကဖိအားများကြောင့် တက်ကြွလှုပ်ရှားသူများကို အရေးယူမှုများထပ်ရှိလာနိုင်သည်ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။
စစ်ကောင်စီ စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းစဉ် ၂ နှစ်အတွင်း ပြည်သူ နှစ်သောင်းကျော်ကို ဖမ်းဆီးခဲ့ပြီး ယနေ့ချိန်ထိ ဖမ်းဆီးခံရသူ ပြည်သူ တစ်သောင်းကျော် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ–ယနေ့အင်းစိန်အကျဥ်းထောင်ရှေ့ကနိုင်ကျဥ်းမိသားစုဝင်များမြင်ကွင်း။
Photo-KSW
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3620
Website ->https://eng.thanlwinkhet.net