Saw Smith
ဧပြီ ၁၇ ၊ ၂၀၂၃ ။
တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများသည် စစ်ဘေးရှောင်များနှင့်ရွာခံများဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ မင်းတပ်CDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ယမန်နေ့ ဧပြီ၁၆ရက်၊ သင်္ကြန်အတက်နေ့တွင် တိုက်လေယာဥ်ဖြင့်ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ်အဖွားတစ်ဦးနှင့် အသက်၄နှစ်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့တွင် မင်းတပ်CDF က ကနဥဦးသတင်းထုတ်ပြန်သည်။
အမျိုးသား၂ဦးနှင့် အမျိုးသမီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် အသက်၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု မင်းတပ်CDFက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
” စစ်ဘေးရှောင်လေးဦးနဲ့ရွာခံတွေ ထိတယ်။ လေယာဥ်ကိုပဲမလာစေချင်တော့ဘူးဗျာ ။ကူညီနိုင်တဲ့အပိုင်းကနေတပ်ဖွဲ့ကိုကူညီပေးကြပါ။တပ်ဖွဲ့အနေနဲ့ ငွေကြေးနဲ့ ဆေးဝါးပိုလိုအပ်နေတယ် “ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ မင်းတပ်CDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ဧပြီလ၁၆ရက်၊ ညနေ၃နာရီနှင့်၄နာရီကြားအချိန်၌ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်လာရောက်၍ဗုံး၁၇ လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့သည့်အပြင် လူနေအိမ် (၂)လုံးမီးလောင်မှုအပါအဝင်စုစုပေါင်း လူနေအိမ် ၉လုံးပျက်စီးခဲ့သည်။
” တိုက်ပွဲမရှိဘူးဗျ။ ဘာမှမရှိဘဲ ဒီအတိုင်းကို ပလိန်းချည်းလာကြဲသွားတာ ။ မင်းတပ်မြို့ ခလရ ၂၇၄တပ်ကလည်း မနေ့ကတစ်နေကုန်ပဲ ညနေထိလက်နက်ကြီးနဲ့ပစ်တယ် “ဟု ကျောက်ထုPDFတာဝန်ရှိသူ ဗိုလ်ရန်ကင်းကသံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီကလေကြောင်းမှလာရောက် တိုက်ခဲ့သည့်မင်းတပ်တိုက်နယ်အမှတ်၁သည် မင်းတပ်မြို့နယ်နှင့်ကျောက်ထုဒေသအစပ်ဖြစ်ပြီး ယခုလပထမပတ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများထိုးလာမှုကြောင့် မင်းတပ်CDF အပါအဝင်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ၁၈ ဦးသေဆုံးခဲ့သည်ဟု မင်းတပ်CDF ကသတင်းထုတ်ပြန်ထားသည်။ မင်းတပ်တိုက်နယ်အမှတ်၁ ကျေးရွာများဘက်ကို စစ်ကောင်စီက ဧပြီ၇ရက်တွင် ည ၁၁း၃၁ အချိန်မှ၁၂း၁၅ အချိန်ထိ ဂျက်ဖိုက်တာဖြင့် ၈ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင်ဧပြီလ ၁၂ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ၂စီးဖြင့် မင်းတပ်မြို့နယ်အမှတ် (၁) ကျေးရွာ အနီးနှင့် ကျေးရွာများအတွင်းသို့ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
လက်ရှိတွင်မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်မြေပြင်စစ်ကြောင်းများက စစ်ကြောင်းထိုးမှုမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုအတွက် နယ်မြေကြိုရှင်းလင်းထားသည့်အခြေအနေဖြစ်နိုင်သောကြောင့်ပြည်သူများအထူးဂရုစိုက်ကြရန် မင်းတပ်CDF ပြန်ကြားရေးတာဝန်ခံဆလိုင်းဟာအွမ်က ပြီးခဲ့သည့်ရက်ပိုင်း၌သတိပေးပြောဆိုထားသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံတချို့ပါဝင်နေပြီး အဆိုပါဓာတ်ပုံများကိုသံလွင်ခက်၏ဝက်ဆိုက်နှင့်တယ်လီဂရမ်တို့တွင် ကြည့်ရှု့နိုင်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3607
Website ->https://eng.thanlwinkhet.net