အမီးလေး
ဖေဖော်ဝါရီ ၂၊ ၂၀၂၅။
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြုပ်မိုင်းကြောင့် လူ ၇၇ ဦးသေဆုံးခဲ့ရသည်ဟု Institute of Chin Affairs Inc. မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးဆန်က ပြောသည်။
“ဒီမြေမြုပ်မိုင်းကတော့ တောင်ယာလုပ်ငန်းကို အဓိက အားထားပြီး လုပ်ရတဲ့အခါကျတော့ ဒီစစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အခါမှာ ထိုးစစ်ဆင်လိုက်တဲ့အတွက်ကြောင့် သူတို့ မြေမြုပ်မိုင်းထောင် ထားခဲ့တာပေါ့။ ပြီးလို့ရှိရင် သူတို့ မိုင်းတွေကို ပြန်ထုတ်တာ၊ ပြန်ရှင်းလင်းတာ မရှိဘူး။ အဲဒီအတိုင်း ကျန်ခဲ့တာ တိုက်ပွဲလည်း ပြီးသွားပြီဆိုရင် ပြည်သူတွေ တောင်ယာလုပ်ငန်းပြန်ဝင်တဲ့အခါမှာ သူတို့ မြေမြုပ်မိုင်းတွေ နင်းမိပြီးတော့ သေဆုံးရတာ တွေ့ရပါတယ်” ဟုဆိုသည်။
စစ်ကောင်စီ၏ မြေမြုပ်မိုင်းကြောင့် သေဆုံးသူများတွင် အရပ်သား ၄၈ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၉ ဦး ပါဝင်သည်ဟု သိရသည်။
ထို့နောက် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၅ ဦးရှိခဲ့ပြီး ကလေးငယ် ၁၂ ဦးအပါအဝင် အမျိုးသမီး ၇ ဦးလည်း မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့ကြရသည်။
“အရပ်သားပြည်သူတွေကကျတော့ လုပ်ငန်းခွင် တောင်ယာသွားရင်းနဲ့ လမ်းကြောင်းမှာ နင်းမိတာတို့ နောက်ပြီး ဒီတစ်ရွာနဲ့ တစ်ရွာ ကုန်ကူးရင်းနဲ့ သွားရာလမ်းကြောင်းမှာ တက်နင်းမိတာတွေကိုတွေ့ရပါတယ်” ဟု ဆလိုင်းဗန်ဆွီးဆန်က ဆိုသည်။
လေးနှစ်တာအတွင်း CDF-Mindat အနေဖြင့် မြေမြုပ်မိုင်း အလုံး ၂၀၀ ကျော် ရှင်းလင်းနိုင်ခဲ့သည်ဟုလည်း သိရသည်။
“စစ်ကောင်စီ ထောင်ထားတဲ့ မြေမြုပ်မိုင်းကတော့ တော်တော်များတယ် ပြောရမှာပေါ့နော်။ မင်းတပ်မြို့တို့၊ မတူပီမြို့တို့ဆိုလည်း ဒေသခံကာကွယ်ရေးတပ်ကနေ ထိန်းချုပ်ထားနိုင်ပြီ မှန်တယ်။ အခုအချိန်အထိ မြေမြုပ်မိုင်းတွေကို ရှင်းလင်းနေရတဲ့အခြေအနေမှာပဲ ရှိနေသေးတယ်ဆိုတော့ ဘယ်လောက်ထိ များလဲဆိုတာ သိတာလွန်းပါတယ်” ဟု ဆလိုင်းဗန်ဆွီးဆန်က ဆိုသည်။
အာဏာသိမ်းလေးနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှု ၁၀၆၁ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၉၁ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့မှာ ၄၇၄ ဦး သေဆုံးခဲ့ရသည်ဟု ICA က ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်အဆောက်အဦး ၃၄၇၉ လုံးကျော် မီးလောင်ပျက်စီးသွားပြီး စစ်ဘေးရှောင်နေရသူ ၁၃၀,၀၀၀ ခန့်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Trending
- နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
- ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
- ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
- ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
- ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
- ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
- စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
- ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
