Notice: Function add_theme_support( 'html5' ) was called incorrectly. You need to pass an array of types. Please see Debugging in WordPress for more information. (This message was added in version 3.6.1.) in /home/thansxot/public_html/wp-includes/functions.php on line 6170
မြင်းခြံတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး *************** သံလွင်ခက်။ စက်တင်ဘာ ၁၁ ၊ ၂၀၂၄။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ကျည်တချို့ သိမ်းဆည်းရမိခဲ့သည်ဟု Myingyan Black Tiger (MBT) က ယနေ့၌ ထုတ်ပြန်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် စစ်ကောင်စီက မြင်းခြံမြို့နယ် မြောက်ဘက်ခြမ်းရှိ MBT တပ်ဖွဲ့၏ စစ်ကြောင်း (၁) နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမကြိမ် ဝင်ရောက်လာချိန်တွင် ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ဒုတိယကြိမ် ဝင်ရောက်လာချိန်မှသာ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Myingyan Black Tiger- MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက သံလွင်ခက်သတင်းဌာနကို ပြောသည်။ “ကျွန်တော်တို့ နောက်ဌာနချုပ်ကနေ အကူတောက်လျောက်တက်လာတယ်။ ပြီးတော့ စစ်ကြောင်းထဲက ရဲဘော်က ပြန်လည်ပစ်ခတ်တာမျိုးရှိပါတယ်။ အဲ့ချိန်မှာ စစ်ကောင်စီဘက်က နယ်မြေဖြန့်ပြီး ဝင်လာတဲ့ချိန်မှာ တိုက်မိုင်းနင်းမိကုန်တာပါ” ဟု ၎င်းက ပြောဆိုသည်။ ထိုကဲ့သို့ အသင့်ထောင်ထားသော တိုက်မိုင်းများနင်းမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်မှုတချို့ရှိခဲ့ ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားပြီးနောက် MBT တပ်ဖွဲ့နှင့်ညီနောင်မဟာမိတ်များက နယ်မြေရှင်းလင်း ရေးပြုလုပ်ခဲ့ရာ G-3 ‌သေနတ် ၁ လက်နှင့် 7.62 ကျည် ၁၂ တောင့်အား သိမ်းဆည်းရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်များထံမှ သိရသည်။ အဆိုပါ စစ်ဆင်ရေးအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့်အတူ Myingyan Eagle Defense Force (MEDF)Popa Guerilla Force (PGF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ – သံလွင်ခက်