သံလွင်ခက်
သြဂုတ် ၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ရပ်ကွက် (၉) ဘူတာလမ်းပေါ်က အ.ထ.က ၈ ကျောင်းရှေ့မှာ ပြန့်ကျဲနေတဲ့အိတ်တွေကို သတ်ဖြတ်ခံထားရတဲ့ ဒေသခံအလောင်းတွေဆိုပြီး စစ်ကောင်စီလော်ဘီတွေက တယ်လီဂရမ်နဲ့ Tik Tok မှာ ဖြန့်ဝေနေကြပါတယ်။
အမှန်တကယ်တော့ ကျောပိုးလွယ်အိတ်တွေသာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လော်ဘီတစ်ဦးဖြစ်လည်း၊ PAN သတင်းဌာနရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ ကျော်စွာက သူ့ရဲ့တယ်လီဂရမ်ချဲနယ်ကနေ “လားရှိးမြိုကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်သူပုန်တွေက ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့အလောင်းတွေကို လားရှိးမြို၊ အထက (၈) ကျောင်းရှေ့ ဘူတာရုံပတ်လမ်းပေါ်မှာ ဒီတိုင်းစွန့်ပစ်ထားတာကို တွေ့ရပါတယ်” လို့ စခရင်ရှော့ပုံတစ်ချို့ကို ဖော်ပြထားပါတယ်။
အလားတူ စစ်ကောင်စီဝါဒဖြန့် Tik Tok အကောင့်တစ်ခုဖြစ်တဲ့ a..k..mg1 ကလည်း မနေ့က အဲဒီဗီဒီယိုကိုတင်ခဲ့ပြီး “သူပုန်တွေကိုအားပေးနေတဲ့ … နင်တို့ အေ့မှာသွားနေကြ” လို့ ဗီဒီယိုအပေါ်ပိုင်းမှာ ရေးထားခဲ့သလို “လားရှိုး အထက ၈ ရှေ့ဘူ တာလမ်းပေါ်မှာ MNDAA ကဖမ်းဆီးထားတဲ့ပြည်သူတွေကို … အညှိုးထားတယ်ဆိုရင်တောင် ဒီလောက်အထိ မရက်စက်သင့်ပါဘူးကွာ” ဆို ပြီးလည်း ဗီဒီယိုရဲ့ အောက်ခြေမှာ ရေးထားပါတယ်။
သူ့အကောင့်မှာ ကြည့်ရှု့ နှစ်သိန်းကျော်ရှိခဲ့ပြီး မျှဝေသူ ၁,၄၀၀ ကျော် ရှိခဲ့ပါတယ်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီထောက်ခံသူတွေနဲ့ မဘသအဖွဲ့ဝင်တွေဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဆန့်ကျင်ပွဲတွေပြုလုပ်ခဲ့သလို အွန်လိုင်းပေါ်ပြန်နှံ့လာတဲ့ ဗီဒီယို၊ ဓာတ်ပုံတွေကို ခိုးယူအသုံးပြုပြီး အကြောင်းအရာအလွဲတွေနဲ့ သတင်းမှားတွေ ကို ပုံဖော်လာတာပါ။
အ.ထ.က ၈ ကျောင်းရှေ့မှာ ပြန့်ကျဲနေတဲ့ အိတ်တွေဟာ ဘယ်သူတွေပိုင်တယ်ဆိုတာကို သံလွင်ခက်အနေနဲ့ အတည်မပြုနိုင်ပေမယ့် မူရင်းဗီဒီယိုအကောင့်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။
ဒီဗီဒီယိုရဲ့မူရင်း Tik Tok အကောင့်ပိုင်ရှင်ဟာ wwwtyler08 ဆိုတဲ့နာမည်နဲ့ လားရှိုးမြို့ခံတစ်ဦးလို့ယူဆရသူဖြစ်ပါတယ်။ သူ ဟာ လားရှို့မြို့ပေါ်ရပ်ကွက်ထဲက အဓိကလမ်းမကြီးတွေရဲ့အခြေအနေကို ဆိုင်ကယ်စီးပြီး ဗီဒီယိုရိုက်တင်နေတာပါ။
သူ့ရဲ့ Tik Tok အကောင့်မှာ “တိုင်းရုံးလမ်းခေနေ အရမ်းဆိုးတယ်ဗျာ”၊ “ဘူတာလမ်း အထက (၈)”၊ “သာယာလမ်းခြေနေ” စတဲ့ ၁ မိနစ်ကျော် ဗီဒီယိုသုံးခုကို ရိုက်ကူးပြီးတင်ထားတာတွေ့ရပါတယ်။
ဒီအထဲက “ဘူတာလမ်း အထက (၈)” ဗီဒီယိုကို စစ်ကောင်စီဝါဖြန့်သူတွေက MNDAA က လားရှိုးမြို့ပေါ်က အရပ်သားတွေကို သတ်ဖြတ်ပါတယ်ဆိုပြီး ယူသုံးခဲ့တာတွေ့ရှိရပါတယ်။
မူရင်းအကောင့်ပိုင်ရှင်အောက်မှာဆိုလည်း တစ်ချို့ စစ်တပ်ထောက်ခံသူတွေက “အပြစ်မဲ့သူတွေကို ပလောင် mndaa. pdf သတ်ထားတဲ့ပုံတွေပါ” လို့ဆိုထားပေမယ့် မူရင်းအကောင့်ပိုင်ရှင်က “အထည်အိတ်တွေဗျာ” လို့ သီးသန့်အကြောင်းပြန်ထားတာတွေ့ရပါတယ်။
****
Telegram- > https://t.me/ThanLwinKhetNews/5197
YouTube -> https://youtu.be/wKTyG1BME58?si=SZvhXylItFtUT-nb
Website -> https://thanlwinkhet.net/?p=11405