စစ်ကောင်စီလက်နက်ကြီးကြောင့် မိုးကုတ်ကိုရင်တစ်ပါး ပျံလွန်
*************
ယမင်းဖူးပွင့်အောင်
ဇွန် ၂၈၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူပြီး ငါးပါးခန့်ထိ ခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူနေရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မိုးကုတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် ကျပ်ပြင်ကို လက်နက်ကြီးပစ်ကူစဉ် ရှမ်းတောရပ်ကွက်၊ ဥယျာဉ်ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“မနေ့က ပစ်တာတွေက ဘုန်းကြီးကျောင်းပေါ်တွေလည်းကျလို့ကျနဲ့ ကိုရင်တစ်ပါးလည်းပျံလွန်တော်မူသွားတယ်။ ကျည်အပြီး ပြုတ်ကျတယ်လို့ထင်တာပဲ”ဟု မိုးကုတ်ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ထို့ပြင် ယမန်နေ့ နေ့လည် ၃ နာရီခန့်ကလည်း မိုးကုတ်အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးထံက သိရသည်။
မိုးကုတ်အနောက်ပိုင်းတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ်ပြင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။
ပုံစာ- လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ဥယျာဉ်ကျောင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4876
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10590