မောင်တော မောင်နီပြင်ရွာစစ်ဘေးရှောင် စက်လှေတစ်စီးကို စစ်ကောင်စီရေတပ်က ပစ်ခတ်၍ ၄၃ ဦး ရေနစ်သေဆုံး
************
ခင်သရဖီဦး
ဇွန် ၁၂၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့နယ် မောင်နီပြင်ရွာမှ ဘင်္ဂလားဒေ့ရှ်ဖက်သို့ သွားသည့် မူဆလင် (ရိုဟင်ဂျာ) စစ်ဘေးရှောင် စက်လှေတစ်စီးအား ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့တွင် ည ၁၀ နာရီခွဲခန့်တွင် နတ်မြစ်ရှိ စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့သည့်အတွက် လှေပေါ်တွင်ပါသည့် မူဆလင် (ရိုဟင်ဂျာ) ၄၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လှေပေါ်တွင် မူဆလင် (ရိုဟင်ဂျာ) စစ်ဘေးရှောင် ၄၆ ဦး လိုက်ပါလာခြင်းဖြစ်ကာ ယင်းထဲမှ သုံးဦးသာ လွတ်မြောက်ခဲ့သည်။ လွတ်မြောက်လာသူများမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးကြတာပါ။ ည ၁၀ နာရီ လောက်မှာ ဖြတ်တော့ စစ်တပ်နေဗီနဲ့ လှမ်းပစ်တာပေါ့။ အဲ့အချိန် ဘုတ်မြုပ်ပြီး ကလေးတွေရော၊ လူကြီးတွေရော အကုန်းလုံးနီးပါး သေသွားတာ။ ၃ ယောက်ပဲမသေပဲ ကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
မူဆလင် (ရိုဟင်ဂျာ) အများစုမှာ ဘူးသီးတောင်ဖက်မှ မောင်တော၊ မောင်နီရွာတွင် စစ်ရှောင်နေသူများဖြစ်ပြီး ဆေးဝါး နှင့် စားသောက်ရေးအဆင်မပြေသည့်အတွက် ယခုကဲ့သို့ နေရာပြောင်းရွှေ့ခြင်းဖြစ်ကြောင်း မွတ်ဆလင်အသိုင်းအ ဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” အဓိကတော့ စားဝတ်နေရေးနဲ့ ဆေးဝါးပြတ်လပ်တာပေါ့။ အဲဒီဖက်မှာ တိုက်ပွဲ တွေ မရှိပေမဲ့ စားဝတ်နေရေး တွေ ဆေးဝါးအဆင်မပြေတာတွေကြောင်း အခုလို ထွက်ကြတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း အလယ်သံကျော် ကမ်းခြေ၌ နယ်ခြားစောင့် နခခ ၄ နှင့် နခခ ၉ မှ တပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီ မိသားစုဝင်များပါဝင်သည့် စက်လှေ ၂ စီးမှာ စစ်တပ်က ကမ်းထိုးစက်လှေပေါ်သို့ ကပ်ခွင့်မပေးဘဲ ပစ်ခတ်သည့်အတွက် ပြန်လည်၍ ဆုတ်သည့် အချိန်တွင် စစ်လှေတိမ်း မှောက်ခဲ့ပြီး တပ်မိသားစုဝင် လေးဦးသေဆုံးခဲ့သည်။
ပုံစာ – ဖေဖော်ဝါရီလက အာရက္ခတပ်တော်မှ သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကိုတွေ့ရစဉ်/ပုံ- AA Info Desk
****
Telegram – > https://t.me/ThanLwinKhetNews/4773
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10474