CI စာအုပ်ထုတ်ပေးရေး စင်တာများအား ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရ ထုတ်ပြန်
*****************
သံလွင်ခက်။
ဇွန် ၁၁ ၊ ၂၀၂၄။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် “မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ” (Certificate of Identity – CI) စာအုပ်ထုတ်ပေးရေးစင်တာ ရှစ်ခုအား ပိတ်သိမ်းမည်ဟု ဇွန် ၁၀ ရက်က ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ သည်။
CI စာအုပ်မထုတ်ရသေးသူများအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက်မှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆက်လက်ပြုလုပ် ထုတ်ယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ စူရတ်ဌာနီစသည့် ခရိုင်ဒေသရှိ CI စခန်းငါးနေရာနှင့် ရွေ့လျား မိုဘိုင်း ယူနစ်သုံးခုအဖြစ် ချင်းမိုင်၊ နာခွမ်ဆဝမ်၊ ဆောင်ခလာစသည့် မြို့နယ်များတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအတွက် CI စာအုပ်ထုတ်ပေးရေးစင်တာများအား ဖွင့်လှစ်ထားပေးခဲ့ခြင်းဖြစ်သည်။
CI စာအုပ်များကို ယခုကဲ့သို့ ဘန်ကောက်ရှိ မြန်မာသံရုံးတွင်သာ ထုတ်ယူနိုင်တော့မည်ဖြစ်သည့်အတွက် ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ထက် ကုန်ကျစရိတ်နှင့် အခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်သည်ဟု ပညာရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” အလုပ်သမားတွေအနေနဲ့က တချို့တွေဆိုရင် အကြောင်းကြောင်းကြောင့် အများစုက အလုပ်ရှင်ပေါ်မူတည် တာတို့ ဒါမှမဟုတ် လုပ်ပေးတဲ့ပွဲစားတွေက အလှည့်ကျနဲ့ ခေါ်တယ်မဟုတ်လား အဲ့တာကိုပဲ စောင့်ပြီးလုပ်ကြရတာ။ အခုအဲ့လူတွေက မမှီဘူးဆိုရင် အဲ့လူတွေမှာ အနည်းဆုံးတော့ နီးစပ်ရာနယ်မြေတွေမှာ လုပ်လို့မရတော့ဘူး။ သူတို့ ပြောသလို ဘန်ကောက်သွားလုပ်ရမယ်ဆိုတော့ အဲ့လူတွေကပိုပြီး ကုန်ကျစရိတ်ကောကျန်တဲ့ အခက်ခဲတွေကောကြုံ ပြီ။ ဒါကတော့ လတ်တလော ကြုံရမယ့်ဟာပေါ့ ” ဟုဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ညီညီညွတ်ညွတ်ဖြင့် ယခုကိစ္စကြောင့် ကြုံတွေ့လာနိုင်သည့် ကုန် ကျစရိတ်နှင့် အခက်အခဲများကို မိမိတို့၏ လုပ်ငန်းရှင်များမှတဆင့် ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံတင်ပြသင့်သည် အလုပ်သမားအရေးတောင်းဆိုသူများက အကြံပြုကြသည်။
ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် အထောက်အထားမရှိသူများသည် ထိုင်းအစိုးရက တရားဝင်ပြုလုပ်ပေးသည့် ပန်းရောင်ကတ် ( Pink card ) ကို သတ်မှတ်ကာလများတွင် ပြုလုပ်ရသည်။
ပန်းရောင်ကတ်ရရှိပြီးပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်အစိမ်းကို ပြုလုပ်ရမည်ဖြစ် သည်။ ထို့နောက် ပန်းရောင်ကတ် ရရှိပြီးသူများသည် E- Work Permit QR Code ရရှိပြီးလျှင် အဆိုပါ ကုတ်ဖြင့် CI စာအုပ် ထုတ်ယူနိုင်မည်ဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ချင်းမိုင်မြို့တွင် CI လုပ်ရန် စောင့်ဆိုင်းနေသည့် မြင်ကွင်း/ ပုံအဟောင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4772
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10471