မြဝတီ အမှတ်-၅ ရပ်ကွက် ယာယီစစ်ရှောင်စခန်းတွင် အမိုးအကာနှင့် အကူအညီများလိုအပ်
************
ယမင်းဖူးပွင့်အောင်
ဇွန် ၁၁၊ ၂၀၂၄။
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂) အနီး မြဝတီဘက်ခြမ်း အမှတ်(၅) ရပ်ကွက် ရေပူစမ်းကျေးရွာတွင် ယာယီဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်း၌ အမိုးအကာနှင့် အခြားအကူအညီများ လိုအပ်နေသည်ဟု စစ် ရှောင်ကူညီသူများထံက သိရသည်။
အဆိုပါ စစ်ရှောင်စခန်းကို ပြီးခဲ့သည့် ဧပြီလ ပထမပတ်တွင် ဆောက်လုပ်ခဲ့ပြီး မိုးတွင်းကာလရောက်ရှိလာသည့်အခါ အမိုးအကာနှင့်နေစရာများလိုအပ်လာသည်ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“နေဖို့ထိုင်ဖို့အတွက်ကို အရင်ဆုံးလုံးပန်းတာပေါ့။ မိုးကလည်းများတော့ ကျောက်ခုံလေးတွေနဲ့နေရတာဆိုတော့ ရေ လည်း မလွတ်ဘာလည်းမလွတ်နဲ့။ ဆယ်ပေပတ်လည် တဲလေးတွေဆောက်ပြီးတော့ ထားတယ်။ လောလောဆယ် တော့ မိသားစု ၅၀ လောက် တင်ထားပြီးသွားပြီ”ဟုပြောသည်။
တဲအိမ်များကို အလုံး (၃၀၀) ပြီးစီးအောင်ဆောက်လုပ်ရန် လျာထားသော်လည်း လက်ရှိတွင် အလုံး (၂၀၀) ခန့် အမြန် ပြီး စီးရန်သာ အင်တိုက်အားတိုက် ဆောက်လုပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းအချို့က နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များအတွက် ယာယီစစ်ရှောင်စခန်းတစ်ခု ကို KNU-KNLA ငြိမ်းချမ်းရေးကောင်စီနဲ့အတူ ဖြစ်မြောက်အောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်များအတွက် တစ်လစာ စားနပ်ရိက္ခာသာကျန်ရှိပြီး ကျန်းမာရေးလိုအပ်ချက်များလည်းရှိသည်ဟု စစ် ရှောင်ကူညီသူ ဆရာမလားရှီးက ဆိုသည်။
“မိုးထဲရေထဲ ကြပ်ကြပ်တည်းတည်း ပြီးရင် အိမ်အကာမရှိ သူတို့ဒီလိုမျိုး တစ်ပြင်တည်းနေရတယ်ဆိုရင်တော့ စိတ်ပိုင်း ဆိုင်ရာက အရမ်းထိခိုက်မှုရှိတာပေါ့။ မိုးတွင်းဘက်မှာယားယံတာတွေအရမ်းဖြစ်တယ်။ အရင်တုန်းက မိုးမရွာတော့ ဖုန်မှုန့်တွေ၊ ကြမ်းခင်းတွေကြားမှာနေရတာပေါ့။ ဖျားနာတာတွေလည်းရှိတယ်။ ဝမ်းပျက်ဝမ်းလျှောလည်းဖြစ်တယ်” ဟု ပြောသည်။
ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းကျေးရွာနှင့် မြဝတီအနီးတစ်ဝိုက်ရှိ ဒေသခံများက နေအိမ်၊ ကျေးရွာများမီး လောင်ခြင်း၊ နှစ်ဘက်တပ်များ တပ်စွဲထားခြင်းကြောင့် နေရပ်မပြန်နိုင်တော့ဘဲ အဆိုပါ စစ်ရှောင်စခန်းတွင်လာရောက် နေထိုင်နေကြခြင်းဖြစ်သည်။
စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၂,၀၀၀ ဝန်းကျင်ခန့်ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ရှစ်ဦးခန့်ပါဝင်သည်ဟု ကူညီ သူများထံက သိရသည်။
ဓာတ်ပုံ-TharShin Sheesheemoe ဖေစ့်ဘွတ်ခ်စာမျက်နှာကွန်ရက်။
****
Telegram – > https://t.me/ThanLwinKhetNews/4770
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10464