စွယ်တော်ကုန်းသို့ စစ်ကောင်စီရိက္ခာဖြည့်တင်း
*****************
ပန်ပန်
ဇွန် ၁၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ လေးကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်းသို့ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အင်အားလာဖြည့်တင်းနေသည်ဟု Cobra Column စစ်ကြောင်း (၂) Venom စစ်ကြောင်းထံက သိရသည်။
ပြီးခဲ့သည့် ဇွန် လ ၉ ရက်နေ့၌ စွယ်တော်ကုန်းသို့ စစ်ကောင်စီဘက်မှ Y – 12 ဖြင့် ရိက္ခာလာချသွားသည်ဟု Venom စစ်ကြောင်းမှူးက ဆိုသည်။
၎င်းက “လာချတာက ရိက္ခာပဲလာချတာနော်၊ လူက မပါဘူး၊ သူတစ်ချက်ချရင် ၃ ထုပ် ၃ ထုပ် ဆိုတော့ အဲ့ဒီမှာ အဝေးက ကြည့်တဲ့လူက ထင်ယောင်ထင်မှားဖြစ်လိမ့်မယ် ” ဟု ဆိုသည်။
မြေပြင်ရဲဘော်တစ်ဦးက ” ဟိုနေ့က (၉ ရက်နေ့) Y – 12 ပေါ်ကနေပြီးတော့ လေထီးနဲ့ဆင်းလာတာ၊ ရိက္ခာပဲ ချသွားတာ၊ လူမပါဘူး။ ကျွန်တော်တို့တောင်မှ ငါးကြင်းမြီးနဲ့တောင် ပစ်လိုက်သေးတယ်” ဟု ဆိုသည်။
စွယ်တော်ကုန်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိပြီး တပ်စခန်းကုန်း ၃ ကုန်းရှိသောကြောင့် အကျယ်အဝန်း ခန့်မှန်းရခက်သည်ဟု Venom စစ်ကြောင်းမှူးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် ည ၁၀ နာရီဝန်းကျင်တွင် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော် ကုန်း (အမြောက်ကုန်း) အနီးဝန်းကျင်ကို စစ်တပ်က မီးကျည်အပါအဝင် လက်နက်ကြီးအလုံး ၆၀ ခန့်ကို Y – 12 ထောက်ပို့လေယာဉ်ဖြင့် ကြဲချခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ – ၉ ရက်နေ့၌ Y 12 ကနေတဆင့် လေထီးနှင့် ရိက္ခာချစဥ် အဝေးက မြင်တွေ့နေရပုံ
****
Telegram – > https://t.me/ThanLwinKhetNews/4769
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10461