အင်အားတိုးချဲ့နေသော ကျိုက်ထို၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ
****************************
သဇင်
ဇွန် ၁၁၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အင်အားတို့ချဲ့နေသာ မရမ်းချောင်စစ်ဆေးရေးဂိတ်အား Black Eagle Forces (Thongwa) PDF မှ မနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ရက် ညနေ ၄ နာရီခွဲခန့်တွင် မရမ်းချောင်ဂိတ်သို့ စစ်အင်အားလာရောက်ပူးပေါင်းရန် စီစဉ်နေချိန် Black Eagle Forces (Thongwa) PDFမှ ၄၀ မမ- ၃လုံး၊ အီနာဂါ တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်သည်ဟု BEF PDF စစ်ရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“ကျိုက်ထိုကနေ စစ်ကား ၂စီးနဲ့ မရမ်းချောင်ဂိတ်ကို လာနေတယ်လို့ သတင်းကြားကြားချင်းကို ဂိတ်ကို ပစ်ခဲ့တာပါ။ သူတို့ဘက်ကလည်း ၆၀ ရယ်၊ ၈၁ ရယ် ၄လုံးပြန်ထုတယ်။ လာနေတဲ့ ကားနှစ်စီးလုံးက ကျိုက်ဘက်ကို ပြန်လှည့်သွား တယ်လို့ သိရတယ်”ဟုဆိုသည်။
အဆိုပါပစ်ခတ်မှုပြီးနောက် BEF PDF အဖွဲ့သည် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးအခြေနေကို ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။
Black Eagle Forces (Thongwa) PDF အဖွဲ့သည့် ရန်ကုန်မြို့ခံများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ရန်ကုန်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ရန်ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
၎င်းက” ကျွန်တော်တို့ မြို့နယ်သားတွေ ရန်ကုန်သားတွေ စုစည်းမှုအတွက်ကို ရန်ကုန်မြို့နဲ့ အနီးဆုံးနေရာတစ်နေရာကို လာရောက်ခိုလှုံပြီး ရန်ကုန်သားတွေစုဖွဲ့ပြီး ရန်ကုန်တပ်ကို ပြန်တိုက်မယ်ဆိုပြီး ဒီအဖွဲ့ကိုတည်ထောင်လိုက်တာပါ။ ကျွန်တော်တို့အဖွဲ့ စတင်ဖွဲ့စည်းခဲ့တာ တစ်နှစ်ကျော်ရှိပါပြီ ”ဟုဆိုသည်။
Black Eagle Forces (Thongwa) PDF စတင်ဖွဲ့စည်းချိန်မှစပြီး တော်လှန်ရေးတိုက်ပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အတူတကွ KNU တပ်မဟာ-၁ နယ်မြေတွင် စစ်ရေးဖော်ဆောင်နေသာ အဖွဲ့တစ်ခုဖြစ်သည်။
ပုံ – Black Eagle Forces (Thongwa) PDF ၏စစ်ရေးဖော်ဆောင်နေသည့် ရုပ်သံဖိုင်
****
Telegram – > https://t.me/ThanLwinKhetNews/4767
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10455