စစ်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် စစ်ကောင်စီကို ညီနောင်မဟာမိတ် သတိပေး
******
ယမင်းဖူးပွင့်အောင်
ဇွန် ၇၊ ၂၀၂၄။
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာက ပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်များအား ကန့်ကွက်ရှုံ့ချပြီး အမြန်ဆုံးရပ်တန့်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နှင့် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ MNTJP တို့က ယမန်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၉ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မူဆလင်တပ်ဖွဲ့ဝင်များပါသည့် အင်အား ၁၇၀ခန့်ရှိ စစ်ကြောင်းသည် ဗျိုင်းဖြူကျေးရွာဒေသခံများကို နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး ၇၆ ဦးကို သတ်ဖြတ်ခဲ့သည်။
အဆိုပါ စစ်ရာဇဝတ်မှုကြီးများကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပြီး ရက္ခိုင်ပြည်၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မပြုလုပ်ရန်၊ အမြန်ဆုံးချက်ချင်းရပ်တန့်ရန် PSLF\TNLA နှင့် MNTJP တို့က သတိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ပါဝင်သော ၁၀၂၇ စစ်ဆင်ရေးကာလမှစ၍ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့တွင် အရေးနိမ့်နေပြီး ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကို အမြန်ဆုံးအရေးယူဆောင်ရွက်ရန်၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် လုပ်ရပ်များကို ထိရောက်စွာအကာအကွယ်ပေးရန် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း PSLF နှင့် MNTJP တို့က တောင်းဆိုထားသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4744
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10406