မင်းကင်း၊ မတောရွာဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေ*****
ယမင်းဖူးပွင့်အောင်
ဇွန် ၄၊ ၂၀၂၄။
ဇွန် ၃ရက်နေ့ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာဒေသခံများ မနေ့ကနေစတင်ပြီး ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။
လေကြောင်းတိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတောရွာ အနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် တောထဲတွင် တိမ်းရှောင်နေခြင်းဖြစ်သည်ဟု မတောရွာအမျိုးသားဒေသခံ ၁ ဦးမှ သံလွင်ခက်သတင်းဌာနသို့ တယ်လီဖုန်းက တစ်ဆင့် ပြောသည်။
၎င်းက “ အခုလိုမျိုးမျက်စိရှေ့မှာဖြစ်သွားတာဆိုတော့ အကုန်လုံးက ကြောက်လန့်နေကြတာလေ။ ဘယ်သူမှ ရွာမှာမနေရဲတော့ဘူး” ဟုပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မတောကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးက ဆိုသည်။
၎င်းက “လောလောဆယ် ဆေးရုံ၊ ဆေးခန်းပို့နေကြတာရော ကယ်ဆယ်ရေးလုပ်နေတာရောကြောင့် အတိအကျတော့ မသိရသေးဘူး” ဟုပြောသည်။
လက်ရှိတွင် မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတောရွာ အနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန် ခက်ခဲနေသည်ဟုလည်း ဒေသခံတစ်ချို့ထံမှ သိရသည်။
မတောကျေးရွာသည် အိမ်ထောင်စု ၁၃၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ ခန့်နေထိုင်လျက်ရှိကာ မင်းကင်းမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မတောရွာ မြင်ကွင်း။
ဓာတ်ပုံ- Local
****
Telegram – > https://thanlwinkhet.net/?p=10328
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10328