စစ်ကောင်စီက ကချင်ပြည်နယ်ရှိ မြစ်ကူးတံတားများကို ဖျက်ဆီး
*************
ထွယ်
ဇွန် ၄၊ ၂၀၂၄။
တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကချင်ပြည်နယ်ရှိ မြစ်ကူးတံတားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးလျက်ရှိသည်ဟု ဒေသခံများနှင့် ရှေ့တန်းရဲဘော်များထံက သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ တာလောကြီးကျေးရွာနှင့် ဗောဆာဒီးကျေးရွာကို ဆက်သွယ်ထားသည့် ဒဘတ်ချောင်းတံတားကို စစ်ကောင်စီတပ်သည် မေ ၂ ရက် ညနေ ၆ နာရီခန့်က လေကြောင်းဖြင့် ဗုံးကြဲကာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦးက “ အခုက တိုက်ပွဲဖြစ်နေတော့ လမ်းမကြီးကနေ သွားမရဘူးလေ။ အဲ့တော့ အဲ့လမ်းကပဲသွားကြ ဖြတ်ကြရတာ၊ အခု အဲလိုလုပ်လိုက်တော့ ဒေသခံတွေအတွက်ရော အားလုံး ဒုက္ခရောက်တာပေါ့ ” ဟုပြောသည်။
ဒဘတ်ချောင်းတံတားသည် လိုင်ဇာမြို့နှင့် လွယ်ဂျယ်မြို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး အဆိုပါ ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယမန်နှစ် ဒီဇင်ဘာလကတည်းကပင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသတစ်ခုဖြစ်သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ်တွင်ရှိသည့် ဒဘတ်ချောင်းကူးတံတားကိုလည်း ယခုနှစ် မေလ ၈ ရက်ညက ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဝိုင်းမော်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခလရ – ၅၈ တပ်ရင်းနှင့် ရဲစခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။
ထို့အပြင် လေကြောင်းဖြင့်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ဝိုင်းမော်မြို့နယ်ရှိ ရှေ့တန်းရဲဘော် တစ်ဦးက ပြောသည်။
ထို့ပြင် မေလ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နှင့် ၅ မိုင်ခန့်သာဝေးသည့် နောင်စီပေါကျေးရွာရှိ ၎င်းတို့ အင်အား ၃၀ ခန့် တပ်စွဲထားသည့် ကာကင်းစခန်းမှ စခန်းဆုတ်ခွာသွားသဖြင့် KIA နှင့် ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်ခရိုင် မံစီမြို့နယ်အပါအဝင် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်များသည် KIA ပူးပေါင်းတပ်၏ ထိုးစစ်ကို အပြင်းအထန် ခုခံနေရသည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံစီမြို့နယ်ကို မြေပြင်စစ်ကြောင်းဖြင့်သာမက လေကြောင်းများဖြင့်လည်း အင်အားဖြည့်တင်းလျက်ရှိပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိကာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု မံစီမြို့နယ်ရှိ ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “လေယာဉ်က မြစ်ကြီးနားကလည်းတက်တယ်၊ တံတားဦးကလည်း တက်တယ်။ လက်နက်ကြီးနဲ့ပစ်လိုက် လေယာဉ်နဲ့ပစ်လိုက်။ အခုလည်း ဒရုန်းဝဲနေတုန်းပဲ” ဟု ပြောသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ယခုနှစ် မတ်လ ၇ ရက်နေ့မှစပြီး တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လျက်ရှိပြီး ၃ လခန့်အတွင်းပင် တပ်စခန်း စုစုပေါင်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်က ဗုံးကြဲဖျက်ဆီးခဲ့သည့် ဒဘတ်ချောင်းတံတား။