ချင်းပြည်နယ်က ကျီးခါးမြို့ကို CNA ပူးပေါင်းတပ်ထိန်းချုပ်
****
ထွယ်
မေ ၂၀၊ ၂၀၂၄။
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ ကျီးခါးမြို့ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့က အပြီးတိုင် တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီဟု ချင်းအမျိုးသားတပ်မတော် – CNA ရဲဘော်များထံက သိရသည်။
ကျီးခါးမြို့တွင်ရှိနေသည်မှာ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ – ၂၆၉ ကွပ်ကဲရေးလက်အောက်ခံ တပ်ဖွဲ့ဝင် များဖြစ်ပြီး ယမန်နေ့က မြို့ကိုထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားတပ်မတော် – CNA ရဲဘော် ၁ ဦးက သံလွင် ခက် ကိုပြောသည်။
၎င်းက “ကျီးခါးသိမ်းတာ အတည်ပြုပါတယ်။ ကျီးခါးက ရှင်းလင်းပြီ။ တွန်းဇံဘက်မှာ ပစ်ခတ်မှုဖြစ်နေသေးတယ်” ဟုပြောသည်။
အဆိုပါ ကျီးခါးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ထို့ပြင် ယမန်နေ့က တွန်းဇံမြို့ရှိ စစ်ကောင်စီရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်ဟု သိရသည်။
ချင်းပြည်မြောက်ပိုင်း ကျီးခါးမြို့နှင့် တွန်းဇံမြို့ကို မေလ ၁၆ ရက်ကတည်းက ချင်းအမျိုးသားတပ်မတော် – CNA နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – CDFs တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျီးခါးမြို့ကို ၄ ရက် ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်မတော် – CNA၊ CDFs ပူးပေါင်းတပ်သည် တွန်းဇံမြို့နှင့် ၃ မိုင်အကွာရှိ နက်ဇံရွာ၏ မဏီပူရ် တံတားအနီးရှိစစ်ကောင်စီရဲစခန်းကိုလည်း မေလ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ကျီးခါးမြို့သည် ချင်းပြည်နယ်မြောက်ဘက်စွန်းတွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ဖြစ်သည်။
ပုံစာ – ကျီးခါးရှိ စစ်ကောင်စီ တပ်စခန်းမီးရှို့စဉ် မြင်ကွင်း။
Photo- credit
****
Telegram – > https://t.me/ThanLwinKhetNews/4639
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10102