လက်နက်ကြီးကြောင့် နောင်ချိုဒေသခံ ၇ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ
*******
သံလွင်ခက်
မေ ၁၈ ၊ ၂၀၂၄။
စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သုံးဆယ် ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာက ဒေသခံ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF / TNLA) က ယနေ့တွင်ထုတ်ပြန်သည်။
သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က မေလ ၁၅ ရက် ည ၉ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ၆ ကြိမ် ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုကို ရွှေညောင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးစခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ပြီး သုံးဆယ်ရွာခံဖြစ်သူ ကျား/မ စုစုပေါင်း ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအနက် ဒဏ်ရာပြင်းထန်သည့် ၃ ဦးကို ပြင်ဦးလွင်ဆေးရုံသို့လည်းကောင်း၊ ကျန် ၄ ဦးကို မိုင်းလုံပြည်သူ့ဆေးရုံသို့လည်းကောင်းပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။
သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် မေလ ၁၀ ရက်များတွင်လည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အဆိုပါပစ်ခတ်မှုအတွင်း ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။