မင်းပြားက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဗုံးကြဲ၊ ကျောင်းသား ၁ ဦး သေဆုံး
********
ခင်သရဖီဦး
မေ ၁၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အား ယမန်နေ့ မေလ ၁၅ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အတွက် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရ သည်။
စစ်ကောင်စီသည် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းအား ဗုံးကြဲခဲ့သည့်အတွက် ယခုကဲ့သို့ ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု မင်းပြားမြို့ခံ ၁ ဦးက ဆိုသည်။
၄င်းက ” ၉ နာရီ ကျော်လောက်လာဝဲတာပေါ့ ဂျက်က။ ခဏဝဲပြီးတော့ ဘုန်းကြီးကျောင်းတည့်တည့်ကို ဂျက်က ဗုံး ၁ လုံး ကြဲသွားတာပေါ့။ အဲမှာ စာသင်နေကြတဲ့ ကောင်လေး ၁ ယောက် သေတယ်။ ဆရာတော်ကလည်း ဒဏ်ရာ ရသွားပါတယ်” ဟုဆိုသည်။
သေဆုံးသွားသူသည် မောင်ငြိမ်းထက်သူရအောင် ၂၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသည့် ရဟန်းသည် သက်တော် ၄၂ နှစ်အရွယ် အရှင်ပညာဝံသဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရရှိသွားသည့်ရဟန်းသည် လက်ရှိတွင် နီးစပ်ရာဆေးခန်းတစ်ခု၌ ဆေးဝါးကုသမှုခံယူလျက်ရှိသည်ဟု ဒေသ ခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် မင်းပြားမြို့အား ယခုကဲ့သို့ မကြာခဏ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ပြီးခဲ့သည့် မေလ ပထမပတ်လောက်တွင်လည်း မင်းပြားအား ဂျက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံတချို့ထိခိုက် မှုရှိခဲ့သည်။
မင်းပြားဒေသခံ ၁ ဦးက “ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရပါဘူး။ ကြောက်နေရတယ်။ လေယာဥ်သံကြား ရင်ကို ကြောက်နေရတာပါပဲ” ဟု ဆိုသည်။
ယင်းအပြင် ကျောက်တော်မြို့ကိုလည်း နေ့စဉ်ဆိုသလို ဂျက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုများရှိနေသည်။
မေလ ၁၅ ရက်တွင်လည်း ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံရှိ ဆေးဝန်ထမ်းတချို့နှင့် လူနာနှင့် လူနာစောင့် စုစုပေါင်း ၂၀ ဦး ထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အာရက္ခတပ်တော် – AA က ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအား နေ့စဥ်ကဲ့သို့ ပြုလုပ်နေသည့်အတွက် နေ့စဉ်ဆိုသလို ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မြင့်တက်လျက်ရှိသည်။
ပုံစာ – စစ်ကောင်စီရဟတ်ယာဥ်။
****
Telegram – > https://t.me/ThanLwinKhetNews/4630
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10066