သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်
*******
သဇင်
မေလ ၁၄၊၂၀၂၄။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ မေလ ၁၄ ရက်၊ မနက် ၇ နာရီခန့်တွင် ကနက်သီရိကျေးရွာကို အင်အားထပ်မံဖြည့်တင်းကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည့်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား နာရီဝက်နီးပါးအကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ကနက်သီရိရွာ ဒေသခံအမျိုးသမီး ၁ ဦးက “ဒီနေ့မနက် ၇ နာရီလောက်မှာ သေနတ်သံတွေ စကြားတာ။ မိနစ် ၃၀ လောက်က တရစပ်ပဲ။ နားကိုမနားဘူး”ဟု ဆိုသည်။
ထို့ပြင် ကျောက်နီမော်ရွာ နှင့် ကနက်သီရိကျေးရွာအပိုင် ပင်လယ်ဝတွင်ရှိသည့် စစ်ကောင်စီ စစ်သင်္ဘော ၂ စီးက ကနက်သီရိကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကနက်သီရီကျေးရွာရှိ နေအိမ်များ ပျက်စီးခဲ့ သည်ဟု ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။
၄င်းက “မြေပြင်က ပစ်တာ ၇ နာရီမထိုးခင်။ ပြီးတော့ ၇ နာရီခွဲလောက်မှာရပ်သွားတယ်။ ၉ နာရီခွဲလောက်ထိ သင်္ဘောကနေ ထုနေတာ။ သင်္ဘောကထုတဲ့လက်နက်တွေကကြီးတော့ အသံတွေကြားနေရတယ်။ လူတွေက မဝင်ရဲကြသေးဘူး။ ဘဲစားပြင်ရပ်ကွက်ကတော့ တော်တော်ထိတယ်လို့ပြောတယ်။ အတိအကျတော့ မသိရ သေးဘူး” ဟုဆိုသည်။
နေအိမ်ပျက်စီးထိခိုက်မှုရှိသည့် ဘဲစားပြင်ရပ်ကွက်သည် ကနက်သီရိကျေးရွာ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး ပင်လယ်ဝအနီး တည်ရှိသည်။
ထို့ပြင် လက်နက်ကြီးဒဏ်ကြောင့် ကနက်သီရိကျေးရွာအနောက်ခြမ်းရှိ ရပ်ကွက်များတွင် ပျက်စီးထိခိုက်မှု အများဆုံးရှိနိုင်သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
လက်ရှိတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏လေကြောင်းရန်ကြောင့် ကနက်သီရိကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ စသည့် ကျေးရွာများက ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် မေလ ၈ ရက် မနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ကို ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
မေလ ၈ ရက် နှင့် ၁၀ ရက်ကလည်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအား စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၅ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိခဲ့သည်။
အလားတူ ကနက်သီရိကျေးရွာအနီးရှိ ရငဲကျေးရွာတိုက်နယ်ဆေးရုံသည်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ရုံလုံးနီးပါး ပျက်စီးခဲ့ရသည်။
ဓာတ်ပုံ – DMSCD
ပုံစာ – မေ ၈ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့သည့် ရငဲကျေးရွာတိုက်နယ်ဆေးရုံမြင်ကွင်း။