MNDAA က စစ်သုံ့ပန်း ၄၁ ဦးပြန်လွှတ်
***
ယမင်းဖူးပွင့်အောင်
မေ ၁၃၊ ၂၀၂၄။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၄၁ ဦးအား ပြန်လွှတ်ပေးခဲ့ သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့ပြီး ဒဏ်ရာရရှိသော စစ်သုံ့ပန်းများကိုလည်း ကောင်းမွန်သည့် ဆေးဝါးကုသမှုများပေးခဲ့သည်ဟု MNDAA ကဆိုသည်။
“စစ်သုံ့ပန်းအချို့သည် စစ်အာဏာရှင်စနစ်အား ပြင်းပြင်းထန်ထန်မကျေမနပ်ဖြစ်ကာ စစ်အာဏာရှင်တွေက ဒီ အတိုင်းသာဆက်လုပ်နေရင် တိုင်းပြည်ကမတိုးတက်နိုင်ဘဲ ဆက်ရှိနေဦးမယ်လို့ သူတို့က ပြောပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နိုင်ငံရေးရာဦးစီးဌာန လုံခြုံရေးရုံးက စစ်သုံ့ပန်း ၄၁ ဦးကို မေလ ၁၀ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် လုံခြုံရေး ရုံးဝန်ထမ်းများက မိုင်းယောင်းဌာနဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လမ်းစရိတ်ထောက်ပံ့ကာ နေရပ်ပြန် လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးကို MNDAA ကပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA၊ အာရက္ခတပ်တော် – AA နှင့် MNDAA တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကိုစတင်ခဲ့ကာ စစ်ကောင်စီတပ်စခန်းနှင့် နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ စစ်ကောင်စီတပ်ရင်းလိုက် လက်နက်ချသည့် ဖြစ်စဉ် များလည်းရှိခဲ့သည်။
ဓာတ်ပုံ-MNDAA