ဆီဆိုင်တွင် PNO က ညီအကို ၂ ဦးကိုသတ်ပြီး မိသားစုပိုင်ပစ္စည်းများသိမ်းယူ
*****
ယမင်းဖူးပွင့်အောင်
မေ ၁၃၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် – PNO က ရွာသူကြီးနှင့် ညီဖြစ်သူကို သတ်ဖြတ်ပြီးနောက် မိသားစုပိုင်ပစ္စည်းများကို လာရောက်သိမ်းဆည်းသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်ကို မေလ ၁၀ ရက် နံနက်ပိုင်းတွင် PNO အဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် PNO ပြည်သူ့စစ်အဖွဲ့က ဗိုလ်ကြီးလယ်အဖွဲ့က ခွန်ဇာခွန်မိသားစုပိုင်ဆိုင်သည့် ကုန်တင်ကားကို မေလ ၁၁ ရက် ညပိုင်းတွင် ထပ်မံ၍ လာရောက်သိမ်းဆည်းသွားခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။
ခွန်ဇာခွန် ၏ ကုန်တင်ကား လာရောက်သိမ်းဆည်းချိန်တွင် ခွန်ဇာခွန် သည် စစ်အာဏာရှင်အား တော်လှန်တိုက် ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ကို ထောက်ပံ့သည်ဟုစွပ်စွဲ၍ သိမ်းယူ သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ခွန်ဇာခွန် သည် – PNLO အဖွဲ့ဝင် သို့မဟုတ် တပ်ဖွဲ့ဝင်မဟုတ်သကဲ့သို့ မည်သည့်ပတ်သက်မှုမျှလည်းမရှိဟု PNLA က ဆိုသည်။
ခွန်ဇာခွန် သည် နောင်ရင်းကျေးရွာပြည်သူများ အားကိုးအားထားပြုနေရသည့် လူငယ် ၁ ဦးဖြစ်ခြင်းကြောင့် နောင်ရင်းကျေးရွာပြည်သူများက ရွာသူကြီးအဖြစ်တင်မြှောက်ထားသည့် ပြည်သူ ၁ ဦးဖြစ်သလို ရပ်ရွာအတွင်း လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး ၊ ရပ်ရွာတိုးတက်ရေး၊ စစ်ဘေးရှောင်များအား အကူအညီပေးရေးတို့ကို သာ ဦးဆောင်နေသည့် ကျေးရွာခေါင်းဆောင်ရွာသူကြီး ၁ ဦးဖြစ်သည်။
ပအိုဝ်းဒေသတွင် ကျေးရွာရွာသူကြီးများကို ဒီမိုကရေစီနည်းလမ်းကျကျ ရွာသူရွာသားများက ဆန္ဒမဲပေးကာ ရွေး ချယ်သည့်စနစ်ဖြင့် တင်မြှောက်ကြရသည်ဖြစ်ရာ ရွာသူကြီးကိုသတ်ဖြတ်ခြင်းသည် ပြည်သူလူထု၏ မဲဆန္ဒကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မစော်ကားသည့် အာဏာရှင်လုပ်ရပ်များပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင်ပါရှိသည်။
ခွန်ဇာခွန် ၏ ကုန်တင်ကားအား လာရောက်သိမ်းယူသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဝင်များ သည် အရက်သေစာသောက်စားမူးယစ်နေပြီး အမျိုးသမီးများသာကျန်ရှိသည့်နေအိမ်ပေါ်သို့ တက်ရောက်ကာ ခွန်ဇာခွန် ၏မိသားစုဝင်များကို ဆဲဆိုခြိမ်းခြောက်ကာ အဆိုပါကုန်တင်ကားအားသိမ်းယူသွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်ဘေးရှောင်နေသည့် ရွာသူကြီးနှင့်ညီဖြစ်သူကို PNO ပြည်သူ့စစ်က ပြောဆိုတိုင်ပင်စရာရှိသည့်အတွက် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့ပြီးနောက် ပြန်ရောက်လာချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ဟု PNLA က မေလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PNLA