ဘီးလင်း ကျုံအိတ်တံတားပြိုကျ၍ ခရီးသည်များအခက်ကြုံနေ
*******
သဇင်
မေ ၁၁၊၂၀၂၄။
မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်အစပ်ရှိ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ပြိုကျပျက်စီးသွားသဖြင့် ရန်ကုန် – မော်လမြိင်ခရီးသွားလာနေကြသည့်ပြည်သူများ ခရီးလမ်းအခက်အခဲကြုံတွေ့နေရသည် ဟု ခရီးသည်များထံကသိရသည်။
ယနေ့ မေလ ၁၁ ရက် မနက်အစောပိုင်း ၂ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက မိုင်းဖောက်ခွဲခဲ့
သဖြင့် အဆိုပါကျုံအိတ်တံတား ပြိုကျပျက်စီးခဲ့ပြီး ခရီးသည်များပိတ်မိနေခြင်းဖြစ်သည်။
ကျုံအိတ်တံတားကနေ ဖြတ်သန်းသွားလာ၍မရတော့သည့်အတွက် ဘားအံ – မော်လမြိုင်သွားမည့် ခရီးသည်များ ကျိုက်ထိုရထားဘူတာတွင် စုဝေးနေကြသည်ဟု ခရီးသည်အမျိုးသား ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ရန်ကုန်ဘက်က လူတွေအကုန်လုံးကလေ ကျိုက်ထိုမှာဆင်းပြီး ဘူတာကိုလာ၊ ဘူတာကနေပြီးတော့ ရထားပြန်စီးရတာ။ ဘားအံသွားမယ့်သူတွေက သထုံမှာပြန်ဆင်း တဆင့်ပြန်စီးရတာမျိုးတွေဖြစ်ကုန်တာ။ ဘားအံ-မော်လမြိုင်သွားမယ့်လူတွေက ကျိုက်ထိုဘူတာမှာစုနေကြတာ”ဟုဆိုသည်။
ဘီးလင်း ကျုံအိတ်တံတားပျက်စီးသွားသောကြောင့် ရန်ကုန် – မော်လမြိုင်ဖြတ်သန်းသွားလာနိုင်သည့် ကျိုက်ထိုဘူတာရုံတွင် ခရီးသည်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေကြသည်ဟု သူကဆက်ပြောသည်။
၎င်းက “မနက်ပိုင်းဆင်းလာတဲ့ Express ကားမှန်သမျှ ခရီးသည်တွေအကုန်လုံးက ရထားပြောင်းစီးကြတာပေါ့။ ဒီမှာတန်းစီနေကြတာအရှည်ကြီးပဲ။ ကျွန်တော်တောင် တန်းစီနေတာ ရှေ့က ၁၀၀လောက်စီပြီးသွားပြီ။ ကျွန်
တော်ရပြီးတာတောင် နောက်မှာအများကြီးကျန်နေသေးတယ်”ဟု ဆိုသည်။
အဆိုပါ ကျုံအိတ်တံတားသည် ဒုတိယအကြိမ်မိုင်းဖောက်ခွဲခံရခြင်းဖြစ်ပြီး ပထမတစ်ကြိမ် ဖောက်ခွဲခံရချိန်၌ တံတားတစ်ခြမ်းပြိုကျပျက်စီးခဲ့ပြီးနောက် ကျန်ရှိနေသည့် တံတားတစ်ခြမ်းနှင့် ပြန်လည်ပြုပြင်ထားသည့် ဘေလီတံတားက ဖြတ်သန်းသွားလာနိုင်ခဲ့သော်လည်း ယခုတွင် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။
ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင် လမ်းပေါက်သည့် ကျုံအိတ်တံတားအပြင် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှ သထုံမြို့နယ် ကျိုက်ကော်-မိုးကောင်းတံ တားအထိလမ်းပေါက်သည့် ကျေးရွာချင်းဆက်လမ်းလည်းရှိသေးသည်ဟု ဒေသခံများထံကသိရသည်။
သို့ရာတွင် တိုက်ပွဲမငြိမ်မသက်အခြေအနေများကြောင့် အဆိုပါ ကျေးရွာချင်းဆက်လမ်းကိုလည်း အသုံးပြုခြင်းမရှိသေးဟု ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “ကားလေးတွေကတော့ သွားတတ်ရင် ဘီးလင်းရွှေရောင်ပြကျေးရွာထဲကနေ၀င်ပြီး ကျိုက်ကော် မိုး ကောင်းရွာကပြန်ထွက်ရင် သထုံ – မော်လမြိုင် – ဘားအံ ပြန်သွားနိုင်တယ်။ဒါပေမယ့် လတ်တလောကို ဘယ်ကားမှမလွှတ်သေးတော့ အဲ့လမ်းပေးမသုံးသေးဘူးထင်တယ်” ဟုဆိုသည်။
ကျုံအိတ်တံတားပြိုကျပျက်စီးပြီးနောက် စစ်ကောင်စီ အ
မြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။
ယမန်နှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် KNLAနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ မိုင်းဖောက်ခွဲခဲ့သည့်အတွက် ကျုံအိတ်တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး တံတားပြိုကျချိန်၌ ကား ၂ စီးတံတားအောက်ပြုတ်ကျပြီး လူသေဆုံးမှုရှိခဲ့သေးသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ကျုံအိတ်တံတားပြိုကျသွားပြီးနောက် ကျိုက်ထိုဘူတာရုံတွင် ခရီးသည်များတန်းစီစောင့်ဆိုင်းနေသည့် မြင်ကွင်း။