ရှမ်း/မြောက် လေပြင်းနှင့် မိုးသီးကြောင့် နေအိမ်၊ တောင်ယာများပျက်စီး
******
ယမင်းဖူးပွင့်အောင်
မေ ၁၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လေ ပြင်းတိုက်ခတ်မှုနှင့် မိုးသီးများကြောင့် နေအိမ်များအပြင် တောင်ယာနှင့် ပြောင်းခင်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ကျောက်မဲမြို့နယ် စခန်းသာကျေးရွာတွင် မေလ ၉ ရက် ည ၁၂ နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများ ကြွေကျခြင်းကြောင့် အိမ်ခြေ ၃၀ ကျော်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ထုတ်ပြန်ထားသည်။
ယင်းအပြင် နောင်ပိန်ရွာရှိ လျှပ်စစ်ဓာတ်အားပေး မီးတိုင် ၁၈ တိုင် လဲကျခဲ့သလို လမ်းမများထက် သစ်ပင်များ ပြို လဲခြင်းကြောင့် လမ်းပိတ်ဆို့သည်အထိ ဖြစ်ခဲ့ရသည်ဟု TNLA ကဆိုသည်။
အလားတူ မန်တုံမြို့တွင်လည်း မိုးရွာသွန်းခြင်းနှင့် လေ ပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၃ လုံး ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် မေလ ၁ ရက်ကလည်း ၁၅ မိနစ်ကြာ လေ ဆင်နှာမောင်းတိုက်ခိုက်ခဲ့သဖြင့် နမ္မတူမြို့နယ်ရှိ ဒေသခံပြည်သူနေအိမ် ၈၀ ကျော် ပျက်စီးခဲ့ရသည်။
ယခုလအတွင်း နမ္မတူ၊ မန်တုံ၊ နောင်ချို ၊ သီပေါ စသည့်မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေ ကျများခြင်းကြောင့် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ ဒေသခံများ၏ တောင်ယာနှင့် ပြောင်း ခင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – TNLA