ထိုင်း-မြန်မာ အမှတ် -၂ ချစ်ကြည်ရေးတံတား ပြန်မဖွင့်နိုင်သေး
******
စကားမောင်
ဧပြီ ၂၇ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ တိုက်ပွဲများကြောင့် ထိုင်း – မြန်မာ အမှတ် -၂ ချစ်ကြည်ရေးတံတား ယာယီ ပိတ်ထားခဲ့ရာက ပြန်လည်ဖွင့်လှစ်နိုင်ခြေရှိသည်ဟု သံလွင်ခက်၏ သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ PDF တော်လှန် ရေးပူးပေါင်း တပ်ဖွဲ့ များကြား တိုက်ပွဲများပြင်းထန်ခဲ့သည့် ဧပြီ ၂၀ ရက်ကစ၍ အမှတ်-၂ တံတားကိုပိတ်ထားခြင်းဖြစ်ကာ မြဝတီ -မဲဆောက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်နေခြင်းလည်းဖြစ်သည်။
မြဝတီ-မဲဆောက် ကုန်သွယ်ရေးလုပ်ကိုင်နေသူတစ်ဦးက “အခုဟာက ဖွင့်ဖို့က အခြေအနေကတော့ရှိတယ်။ လဝက မရှိလို့၊ ကာစတမ်ကတော့ အဆင်သင့်ရှိတယ်” ဟု ပြောသည်။
ကုန်စည်ပို့ဆောင်ရေးအခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက “ခုလောလောဆယ်မှာတော့ ရပ်နေတာပေါ့။ ဒါပေမယ့်လည်း ထို့ကော်ကိုးက အဆင်းကား၊ အတက်ကားတွေက ပုံမှန်တော့ရှိတယ်။ အခုက အောက်ဂိတ်ကိုပဲ အားထားပြီးလုပ်နေရတာ”ဟု ပြောသည်။
လက်ရှိတွင် အမှတ်-၂ တံတားပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်ပြီး တရားဝင်ကြေညာထားတာမျိုးမရှိသေး သလို နေပြည်တော်ခွင့်ပြချက်မရသေးဟုလည်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆိုပါကုန်သည်က
“ဘယ်အချိန်ပြန်ဖွင့်မယ်လို့တော့ ကြေညာထားတာမရှိဘူး။ ဒါပေမယ့် ဖွင့်ဖို့ကတော့ နေ့တိုင်း ကျွန်တော်တို့ သွား တော့သွားနေကြတယ်။ စောင့်ကြည့်နေကြတယ်။ လဝက ပြောတာကလည်း နေပြည်တော်ကခွင့်ပြုချက်မရသေး ဘူးတဲ့”ဟု ဆိုသည်။
လက်ရှိအခြေအနေများကြောင့် ကုန်ပစ္စည်းများ နယ်စပ်တွင်ထားရှိရခြင်း၊ တရားမဝင်လမ်းကြောင်း ကိုအသုံးပြုလျှင်လည်း မူလဈေးထက် ဆယ်ဆကုန်ကျနေခြင်းနှင့် လုပ်ငန်းလည်ပတ်ရန်ခက်ခဲလျက်ရှိနေသဖြင့် လူအများစုကတော့ အမှတ်-၂ တံတား ပြန်လည်ဖွင့်ရန် မျှော်လင့်နေကြသည်။
“ပုပ်သိုးကုန်လို ပို့ကုန်တွေကို အရင်ခွင့်ပြုဖို့ဆွေးနွေးနေတာရှိတယ်။ ပုပ်သိုးကုန်ဆိုတာက ငါးတို့၊ ငရုတ်သီးအစို လိုမျိုး အရာတွေကိုပြောတာပါ။ ခုက ဆာဗာတွေပြန်ဆင်နေတယ်။ လကုန်ပြီးလောက်မှာ ပြန်ဖွင့်နိုင်ဖို့ ဆွေးနွေး နေတာရှိပါတယ်” ဟု ပို့ကုန်၊ သွင်းကုန်လုပ်ဆောင်နေသည့် ကိုယ်စားလှယ် ၁ ဦးက ပြောသည်။
မြဝတီမြို့သည် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ဝင်များ နယ်မြေအလိုက်အုပ်စိုးလျက်ရှိပြီး မြန်မာနိုင်ငံ၏ တတိယ မြောက်ဝင်ငွေအများဆုံး နယ်စပ်ဝင်ပေါက်ဖြစ်ကာ ထိုကုန်သွယ်ရေးစခန်းကနေ နေ့စဥ် အမေရိကန်ဒေါ်လာ ၅ သန်းခွဲခန့် ရရှိသည်ဟု ISP Myanmarက ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်မှာ ကရင်ပြည်နယ် မြ၀တီမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၇ ခုရှိတဲ့အထဲမှာ ၆ ခုကို တိုင်းရင်းသား လက်နက်ကိုင် – EAOs များနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် ကုန်သွယ်မှုရပ်ဆိုင်းနေတဲ့ စခန်း ၃ ခုရှိပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်နယ်စပ်ကုန်သွယ်ရေးစခန်း ၈ ခုရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုးပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်”ဟု ဖော်ပြထားသည်။