ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရသဖြင့် လူနာများသေဆုံး
*******
ထွယ်
ဧပြီ ၂၆၊ ၂၀၂၄။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် တိုက်နယ် – ၂ ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟုသိရသည်။
ယမန်နေ့ည ၈ နာရီခန့်က ပေါင် ၅၀၀ ဗုံး ၆ လုံးခန့်ကို ၂ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဆေးကုသမှု ခံယူနေသော လူနာ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၃၀ ကျော်ရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် က သံလွင်ခက်ကို ပြောသည်။
၎င်းက “ဆေးရုံကြီးတစ်ခုလုံး ပြာကျသွားတယ်။ ကြီးကြီးကျယ်ကျယ်ပျက်စီးပြီး အုတ်ခဲပုံပဲ ကျန်ခဲ့တယ်။ မနေ့ည ဗုံးကြဲတဲ့ထဲမှာ လူနာစောင့်တွေပါ သေသွားတာ” ဟု ပြောသည်။
အဆိုပါ ဆေးရုံသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အပါအဝင် မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေး တိုင်း၊ ဆောမြို့နယ်၊ ယောမြို့နယ်၊ ကျောက်ထုမြို့နှင့် ဂန့်ဂေါမြို့နယ်တို့ကဒေသခံများလည်း လာရောက် ဆေး ကုသမှု ခံယူနေသည့် ဆေးရုံဖြစ်သည်ဟု ဆလိုင်းယောမာန်က ပြောသည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နှင့် မိုင် ၃၀ ဝန်းကျင်တွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ် က ဆေးရုံကို လေကြောင်းဖြင့်လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် တိုက်နယ် – ၂ ကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း ဂျက်ဖိုက်တာ အပါအဝင် Y – 12 ထောက်ပို့ဗုံးကြဲလေယာဉ်ဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်ပြန်ကြားရေးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။