တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၈၃ ကြိမ်ဖြစ်ပွား
*******
နန်းဆုပန်ခန့်
ဧပြီ ၂၅၊ ၂၀၂၄။
ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ ၊ မူတြော်ခရိုင်၌ ဧပြီ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၈၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၅ ဌာနချုပ်က အတည်ပြုထားသည့်စာရင်းများအရသိသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၅ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရသည်ဟု အတည်ပြုစာရင်း အချက်အလက်များကိုးကားနိုင်သည့် ရဲဘော် ၁ ဦးကဆိုသည်။
၎င်းက “ အဲ့ဒါက ၁၅ ရက်အတွင်းစာရင်းပါ၊ တပ်မဟာ ၅ ဌာနချုပ်မှာ အတည်ပြုထားတဲ့စာရင်းပါ။ ကိုယ့်ဘက်က လည်း အထိများတယ်။ ၄၃၄ တပ်ရင်းမှာ အထိများသွားတာ” ဟု ဆိုသည်။
ဌာနချုပ်၏အတည်ပြုစာရင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဘက်ကလည်း ၆ ဦး ကျဆုံးကာ ၄၄ ဦး ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။
တပ်မဟာ ၅ တွင် ပြီးခဲ့သည့် မတ်လ ၁ လအတွင်း KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၄၄ ဦးသေဆုံးပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေး သည်ဟု မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးအပါအဝင် လေကြောင်းအဓိကထားတိုက်ခိုက်ခဲ့သည့် အတွက် ၁ လအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ၈ ဦးကျဆုံးခဲ့ရပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – Cobra Column
ပုံစာ – KNLA လက်အောက်ခံ လုံခြုံရေးစစ်ကြောင်းက Cobra Column တပ်ဖွဲ့ဝင်များ။