မြဝတီမြို့တွင်းကို စစ်ကောင်စီတပ်သားများဝင်ရောက်
******
ထွယ်
ဧပြီ ၂၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အထွက် KNLA၊ PDF ပူးပေါင်းတပ်များသိမ်းပိုက်ထားနိုင်သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို စစ်ကောင်စီတပ်သားအချို့က မြန်မာနိုင်ငံတော်အလံလွှင့်ထူပြီးနောက် ယနေ့နံနက် ၉ နာရီ ခန့်က မြဝတီမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာသည်အား တွေ့ရှိခဲ့ရသည်ဟု မြဝတီမြို့ရှိ သတင်းရင်းမြစ်ထံက သိရသည်။
တပ်မ ၂၂ ဘတ်တံဆိပ်တပ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်သည် မြဝတီမြို့တွင်းကို စစ် ယူနီဖောင်းများဝတ်ဆင်ကာ လမ်းလျှောက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
“Hotel Yadanar လမ်းကြားထဲမှာ။ ယူနီဖောင်းရယ် သေနတ်ရယ်ကို သေချာကွဲတယ်။ လမ်းအေးဆေးလျှောက် နေတာ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအလံလွှင့်တင်ထားသည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို ရဟတ်ယာဥ်များဖြင့် အင်အားဖြည့်တင်းနေသည်ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသော်လည်း သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ထိုင်း – မြန်မာနယ်စပ်မြဝတီမြို့တွင် တိုက်ပွဲများငြိမ်သက်နေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ပြီး ကရင်အမျိုးသား တပ်မတော် KNA အသွင်ပြောင်း ကရင့်နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့များသာ မြဝတီမြို့ထဲတွင် လက်နက်များ တပ်ဆင်ကာ ကားများနှင့်လှည့်လည်လျက်ရှိသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ကင်းလှည့်နေကြသည့် KNA / BGF တပ်သားများ။