ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းကို KIA အလုံးစုံသိမ်းပိုက်
*******
ထွယ်
ဧပြီ ၂၄၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၁၁၆ ကို ကချင် လွတ် လပ်ရေး တပ်မတော် – KIA ပူးပေါင်းတပ်က ယနေ့နံနက် အစောပိုင်း ၁ နာရီခန့်တွင် အလုံးစုံ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ယခုနှစ်လဆန်းပိုင်းကတည်းက ဆယ်ဇင်းကျေးရွာတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ဧပြီလ ၂၀ ရက်ကစ၍ ခမရ – ၁၁၆ ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆယ်ဇင်းကျေးရွာအနီးက စစ်ကိုင်းတိုင်းဘက်ရှိ ရှမ်းနီ တပ်ဖွဲ့ဝင်များရှိရာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ရှေ့တန်းသတင်းရင်းမြစ်နှင့်နီးစပ်သူ အမျိုး သမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သိမ်းနိုင်တာ ဟုတ်တယ်။ ၁၂ ခွဲလောက်ကတည်းက စခန်းဝင်နိုင်ပြီး တစ်ခါတည်း ဘက်ဟိုးတွေနဲ့ ရှင်းလင်းရေးလုပ်လိုက်တာတဲ့” ဟု ပြောသည်။
စစ်ကောင်စီ၏ အဆိုပါတပ်စခန်းကို KIA ပူးပေါင်းတပ်က ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် ယနေ့နံနက် အစော ပိုင်းတွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို KIA ပူးပေါင်းတပ်က ဧပြီလ ၁၀ ရက်တွင် သိမ်းပိုက် နိုင်ခဲ့သည်။
ဆယ်ဇင်းကျေးရွာသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စုတွင်ပါဝင်ပြီး စစ်ကိုင်းတိုင်း နယ်စပ်၌တည်ရှိသည့် ကျေးရွာဖြစ်သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဟောင်ပါးကျေးရွာအုပ်စုတွင် လူဦးရေစုစုပေါင်း ၅,၀၀၀ ကျော်နေထိုင်ပြီး ဆယ်ဇင်း ကျေးရွာဒေသခံများ တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၂ ပတ်ခန့်ရှိပြီဟုလည်း ဆယ်ဇင်းဒေသခံ အမျိုးသမီး ၁ ဦးက ပြောသည်။
စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်အတွင်း ဖားကန့်မြို့နယ်တွင်းက အနန့်ပါကျေးရွာကို စစ်ကောင်စီက လေကြောင်း ဖြင့်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ အဆိုပါအနန့်ပါဖြစ်စဉ်မဖြစ်ပွားခင် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်လည်း ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
************
Telegram – > https://t.me/ThanLwinKhetNews/4435
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9540