တော်လှန်ရေးတွင်ပါဝင်နေသည်ဟုဆိုကာ PNLO စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များ ဖျက်စီးခံရ
******************
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၂၊ ၂၀၂၄။
စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော်-PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ဒုဥက္ကဌ၊ စစ်ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၏ နေအိမ်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု PNLO နှင့်နီးစပ်သူများထံက သိရသည်။
အဆိုပါ မီးရှို့ ဖျက်ဆီးမှုကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့် အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များမှ လုပ်ဆောင်ခဲ့သည်ဟု PNLA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုတိယ ဥက္ကဌ -၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့သည်။
ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ ဒေသခံနေအိမ် ၆ လုံးကိုလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေသည့် PNLO/ PNLA ကို အားပေးသူများ၏ နေအိမ်ဟုဆိုကာဖျက်ဆီးခဲ့သည်ဟု PNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါနေအိမ်ထဲတွင် PNLA တပ်ဖွဲ့ဝင်များ၏ မိဘနေအိမ်များလည်းပါဝင်ပြီး တော်လှန်သူများကို မွေးထုတ်ပေးသည်ဟူသည့်အကြောင်းပြချက်ဖြင့် PNO ပြည်သူ့စစ်များက ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သံလွင်ခက်ကိုပြောသည်။
“ဒီလိုမျိုးသားသမီးတွေမွေးလာလို့ အဲဒီ့သားသမီးတွေက တော်လှန်ရေးလုပ်နေတာဆိုပြီးတော့မှ အိမ်ကိုဖျက်ဆီးတာပေါ့နော်။ မိဘဆိုတာက ကိုယ့်သားသမီးကို ဘာလုပ်ပါ။ ညာလုပ်ပါဆိုပြီး ညွှန်ကြားလို့မှမရတာ။ တော်လှန်ရေးလုပ်တဲ့သူမမွေးချင်ဘူးဆိုပြီး ရွေးချယ်လို့လည်းမရဘူးလေနော်။ သားသမီးကကြီးလာတော့လည်း ကိုယ့်လမ်းကိုယ်ရွေးတယ်လေနော်။ အဲ့ဒါကို သားသမီးက တော်လှန်ရေးလုပ်လို့ အိမ်ကိုမီးရှို့ဖျက်စီးတယ်ဆိုတာက တော်တော်အောက်တန်းကျ ယုတ်မာတဲ့လုပ်ရပ်တွေဖြစ်တယ်” ဟုပြောသည်။
PNLO ဒုဥက္ကဌ၏ မိသားစုပိုင်နေအိမ်ကို PNO ပြည်သူ့စစ်က ဖြိုချဖျက်စီးရုံသာမက နေအိမ်အတွင်းရှိ ပရိဘောဂနှင့် အတွင်းပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ခွန်ရိန်းယံက ဆက်ပြောသည်။
“အိမ်ကလည်း ၂ထပ်အိမ်ဆိုတော့ ၁လုံးကို ခေတ်ကာလတန်ဖိုးအရဆိုရင် သိန်းထောင်ဂဏန်းလောက် တန်တာပေါ့လေ။ အဲဒီ့ထဲမှာမှ ဒေသခံရဲ့ အိမ် ၂လုံးဆိုရင် ရွာထဲမှာကုန်စုံဆိုင်အကြီးစား ဖွင့်ထားတဲ့အိမ်ဆိုတော့ စုစုပေါင်းဆိုရင် သိန်းသောင်း ဂဏန်းလောက်ရှိတယ်”ဟုဆိုသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ PNO ပြည်သူ့စစ်နှင့် PNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲများပြင်းထန်နေခဲ့သည်။
ပအိုဝ်းလူမျိုးအချင်းချင်းတိုက်ခိုက်ရမည့်အရေးကို အတတ်နိုင်ဆုံးရှောင်ရှားပြီး PNO ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန်လည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်ထွန်းမြင့်က တိုက်တွန်းပြောဆိုခဲ့ဖူးသည်။
PNO ၏ ယခုလုပ်ရပ်သည် စစ်အာဏာရှင်ကို အသက်စွန့်၍ တော်လှန်နေကြသည့် ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထိခိုက်စေမည်မဟုတ်ဘဲ တော်လှန်လိုစိတ်သာ ပို၍ပြင်းထန်လာသည်ဟုလည်း PNLA တပ်ဖွဲ့ဝင်များက ဆိုကြသည်။
ဓာတ်ပုံ-PNLA