ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအထွက် တိုက်ပွဲအတွင်း စစ်ကောင်စီ သံချပ်ကာကား ၁ စီး ထပ်မံဖျက်ဆီးနိုင်
***********
နန်းဆုပန်ခန့်
ဧပြီ ၂၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့နွဲ့ကျေးရွာ တံတားအကျော်တိုက်ပွဲအတွင်း စစ်ကောင်စီ သံချပ်ကာကား ၁ စီး ထပ်မံဖျက်ဆီးနိုင်ခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ဧပြီ ၂၁ ရက် မွန်လွဲပိုင်းတွင် ကော့နွဲ့ကျေးရွာ တံတားအကျော်၌ အင်အား ၁၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပါလာသော ဖောကား ၂ စီး၊ သံချပ်ကာကား ၁ စီးကို ပူးပေါင်းတပ်များက ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသောကြောင့် ၎င်းတို့ နေသည့် ကော့နွဲ့ကျေးရွာသို့ ပြန်ဆုတ်သွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သူတို့ဘက်က အထိနာလို့ ပြန်ပြေးသွားတာ၊ ဒဏ်ရာရတဲ့ သူကို သူတို့က ချန်ထားတာ၊ အစက ကျွန်တော်တို့က ဒဏ်ရာရတဲ့ သူတို့ တပ်ဖွဲ့တွေကိုတော်ရုံ မပစ်ဘူး၊ အခုက သူတို့က စစ်ကြောင်းထိုးလာတာဆိုတော့ ပစ်ရတာ၊ သံချပ်ကာကား တစ်စီးနဲ့ ဖောကား နှစ်စီးလည်း ဖျက်နိုင်သွားတယ်၊ ပြီးတော့ လက်နက်ခဲယမ်းတချို့လည်း ရတယ်” ဟု ဆိုသည်။
ထို့နောက် ယင်းနေ့ညနေတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်ကို မသိရှိရသေးပေ။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်နှင့် ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် သေဆုံးခဲ့ပြီး ၎င်းတို့၏ သံချပ်ကာကား ၁ စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့ဘက်က ဖျက်စီးနိုင်ခဲ့သည်။
စစ်ကောင်စီ၏ ” အောင်ဇေယျ ” အမည် စစ်ကြောင်းသည် ပူးပေါင်းတပ်များ သိမ်းပိုက်ထားနိုင်သော ခလရ ၂၇၅ တပ်ရင်းနှင့် စကခ ၁၂ လက်အောက်ခံ သဃန်းညီနောင်ဗျူဟာကုန်းကို ပြန်လည်ရရှိရန် ဧပြီ ၁၂ ရက်နေ့မှစ၍ ကော့ကရိတ်ဒေသသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ၎င်းတို့ လာရာလမ်း တစ်လျှောက်တွင် အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရှေ့သို့ ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေတွင်သာ ရပ်တန့်နေခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ – တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်၏ ယာဉ်များ။ (Photo- KNU)