စစ်ကောင်စီလက်နက်ကြီးကြောင့် KNA တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံး
*******
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၁၊ ၂၀၂၄။
ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်အနီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝမ်ခကျေးရွာနေ ဒေသခံအမျိုးသမီး တစ်ဦးနှင့် ကရင်အမျိုးသားတပ်မတော်-KNA (BGF) တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဧပြီလ ၂၀ ရက် နံနက် ၈ နာရီခန့်တွင် ရေပူကျေးရွာသို့ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ဝမ်ခကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးနှင့် KNA တပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် အိမ်နီးချင်းဖြစ်သူ အမျိုးသမီးက သံလွင်ခက်ကိုပြောသည်။
“ကျွန်မယောကျ်ား ပွေ့ချီပြီး ခေါ်လာတာ။ အစက မူးလဲတယ်ပဲ ထင်နေတာ။ သေချာကြည့်လိုက်တော့ အူတွေ ထွက်နေ၊ လက်တွေ ခြေတွေရော ပြတ်နေရော။ ရွှေကုက္ကိုလ်ကို ဆေးရုံကို ပို့သေးတယ်။ လမ်းမှာတင် သေသွားတာ” ဟု ၎င်းက ပြောသည်။
ဝမ်ခကျေးရွာသည် ရေပူကျေးရွာနှင့် ဆိုင်ကယ်ဖြင့် ၁၅ မိနစ်သာ သွားရသည့် အကွာအဝေးတွင် ရှိသည်ဟု ဒေသခံများက ဆိုကြသည်။
KNA (BGF) အဖွဲ့ဝင် နှစ်ဦးသည်လည်း ကင်းစောင့်နေစဉ် လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သည်ဟု ဝမ်ခကျေးရွာဒေသခံ တစ်ဦးက ဆိုသည်။
“ကင်းစောင့်ရင်းနဲ့ အစမှန်သွားတာ။ ပေ ၁၀၀ နားမှာ ကျလို့ အဲဒီက အစသွားမှန်တာ။ အတွင်းရေးမှူးတန်းလျား ပဲ့ထွက်သွားတယ်။ BGF ဂိတ်ဆိုတာ တရုတ်တွေ အလုပ်လုပ်တဲ့အချိန် ဖြတ်တဲ့ဂိတ်၊ သူတို့ စစ်ဆေးတဲ့ဂိတ်ပေါ့။ ရွာမှာ တိုက်ပွဲဖြစ်တာမဟုတ်ဘူးနော်။ တခြားရွာကနေ စင်လာတာ။ ၃ လုံး ကျတာ။ ပထမအလုံးမှာ မဖြုံသေးဘူး။ နောက်တစ်လုံးမှာ ပြေးတော့မယ်။ နောက်တစ်လုံးကျတော့ ပြေးပါလေရော” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် မြဝတီမြို့ အမှတ် ၂ တံတားအနီးကို ယမန်နေ့ည ၈ နာရီ မိနစ် ၄၀ ခန့်မှ ၄၅ မိနစ်အတွင်း၌ပင် ဗုံးအလုံး ၃၀ ကျော်ခန့်ကြဲချခဲ့ပြီး ဧပြီ ၂၀ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံး အလုံး ၁၈၀ ကျော် ကြဲချခဲ့ပြီ ဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြဝတီမြို့ရှိ ရွှေစည်းစိမ်ရပ်ကွက်အတွင်း နေအိမ်မီးလောင်မှုများနှင့် တံတား ၂ အနီးရှိ သိုလှောင်ရုံ မီးလောင်မှုများ ရှိခဲ့သည်။
ဓာတ်ပုံ – ဧပြီ ၂၀ ရက်က မြဝတီ အမှတ် ၂ တံတားအနီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုမြင်ကွင်း