မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်မှ အထွက် ယာယီပိတ်
*******
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၁၊ ၂၀၂၄။
မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်မှ မဲဆောက်အထွက်ကို ယနေ့နံနက်ပိုင်းမှစ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထားသည်ဟု ဖြတ်သန်းသွားလာသူများထံမှ သိရသည်။
မြန်မာဘက်ခြမ်းမှ ဝင်ရောက်ရာတွင် လိုအပ်သည့် စာရွက်အစိမ်း-temporary border pass(TBP) ပြတ်လပ်နေသဖြင့် မဲဆောက်မှ ထွက်ခွာ၍သာ ရပြီး ပြန်လည်ဝင်ရောက်၍ မရသောကြောင့် ယာယီပိတ်ထားရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
“မြန်မာဘက်ကနေ ဝင်ရင် လိုတဲ့ စာရွက်ပြတ်သွားတာ။ အဲဒီစာရွက်က မော်လမြိုင်ဘက်က သယ်ရတယ်လို့တော့ ကြားတယ်” ဟု တံတားအနီးတွင်အလုပ်လုပ်ကိုင်နေသည့် ယာဉ်မောင်း တစ်ဦးက ပြောသည်။
မြဝတီမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် မြဝတီဒေသခံများက မဲဆောက်မြို့သို့ တစ်ပတ်နေထိုင်ခွင့်ရကတ်ဖြင့် အမှတ် ၁ တံတားမှ ဖြတ်သန်း၍ လာရောက်ခိုလှုံနေကြသည်။
အဆိုပါ တစ်ပတ်နေထိုင်ခွင့်ရကတ် ကိုင်ဆောင်သူများသည် တစ်ပတ်ပြည့်သည့်အခါ မဲဆောက်မှ အထွက်တုံးထု၍ မြဝတီဘက်သို့ ပြန်ထွက်ပြီးမှ မဲဆောက်သို့ ပြန်လည်ဝင်ရောက်ကြရသည်။
ယနေ့နံနက် အမှတ် ၁ တံတားထိပ်တွင် လာရောက်တန်းစီနေသည့် တစ်ပတ်ခံကတ်ကိုင်ဆောင်သူ တစ်ဦးက “ဟုတ်တယ် ထွက်လို့ရပေမယ့် ပြန်ဝင်လို့ မရဘူးလေ။ စာရွက်က ဘယ်တော့ရမယ်မသိဘူး။ အဲ့ဒါကြောင့် မထွက်ခိုင်းကြဝာာ” ဟုဆိုသည်။
အဝင်အထွက်ယာယီပိတ်ထားမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေရသည့် ပြည်သူများလည်း ရှိသည်။
“အခုမနက်ကတည်းက မြန်မာဘက်ခြမ်းက အထွက်ပိတ်လိုက်တယ်။ passport သမားတွေ၊ CI သမားတွေ အထွက်ရတယ်၊ ကျန်တာကတော့ ပေးမဖြတ်ဘူး” ဟု မဲဆောက်-မြဝတီ ခရီးသည်ယာဉ်မောင်း ကိုကရင်က ပြောသည်။
မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းမှ မြန်မာ – ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီ ၁၈ ရက်နောက်ဆုံးထား လက်နက်ချအညံ့ခံရန် KNLA ပူးပေါင်းတပ်များက အချိန်ပေးထားသော်လည်း အညံ့ခံခဲ့ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် KNLA ပူးပေါင်းတပ်များက ဧပြီ ၁၉ ရက် နံနက်အစောပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က မြဝတီမြို့တွင်းသို့ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။
စစ်ကောင်စီက ယမန်နေ့တစ်ရက်ထဲ၌ပင် လေကြောင်းမှ ဗုံးအလုံးရေ ၁၆၀ ထက်မနည်း ကြဲချခဲ့သည်ဟု သံလွင်ခက်က ကောက်ယူထားသည့် စာရင်းများအရသိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ယမန်နေ့ ဧပြီလ ၂၀ ရက်တွင် မြန်မာ – ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကတဆင့် မဲဆောက်ဘက်ခြမ်းသို့ ဝင်ရောက်သူ ဦးရေ နှစ်ထောင်ကျော်ရှိခဲ့ပြီး တံတားပိတ်သည့်တိုင် လူဦးရေ ရာကျော်တန်းစီစောင့်ဆိုင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- ဧပြီ ၂၁ ရက် မြဝတီ မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၁ မြန်မာဘက်ခြမ်းတွင် ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ပြည်သူများ (သံလွင်ခက်)