မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်တည်း ဗုံးရာကျော် ကြဲချ
************
ထွယ်
ဧပြီ ၂၀၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် မြဝတီမြို့ အမှတ် ၂ တံတားအနီးကို ယနေ့ည ၉ နာရီခွဲကျော်ခန့်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ည ၈ နာရီ မိနစ် ၄၀ ခန့်မှ ၄၅ မိနစ်အတွင်းပင် ဗုံးအလုံး ၃၀ ကျော်ခန့်ကြဲချနေသည်။ ယနေ့တစ်နေ့တည်းပင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံး အလုံး ၁၈၀ ကျော်ကြဲချခဲ့ပြီ ဖြစ်သည်။
စစ်ကောင်စီတပ်သည် မြဝတီမြို့ကို ယနေ့နံနက် ထိုင်းစံတော်ချိန် ၉ နာရီကျော်ခန့်ကတည်းက Y-12 ထောက်ပို့ လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကြဲနေပြီး MI 35 ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မွန်းလွဲ ၁ နာရီခန့်မှစပြီး ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတ်ိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ဗုံးများသည် ထိုင်းနယ်စပ်နှင့် နီးကပ်စွာ နယ်စပ်စည်း သောင်ရင်းမြစ်အနီးသို့ ယနေ့မွန်းလွဲ ထိုင်းစံတော်ချိန် ၃ နာရီ မိနစ် ၅၀ ခန့်ကစပြီး ၁၅ မိနစ်အတွင်းပင် ဗုံး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြဝတီမြို့ရှိ ရွှေစည်းစိမ်ရပ်ကွက်အတွင်း နေအိမ်မီးလောင်မှုများနှင့် တံတား ၂ အနီးရှိ သိုလှောင်ရုံ မီးလောင်မှုများရှိခဲ့သည်။
Photo – စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြဝတီမြို့ အမှတ် ၂ တံတားအနီး မီးလောင်ကျွမ်းနေသော မြင်ကွင်း (သံလွင်ခက်)