အမှတ် ၂ တံတားအောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းနိုင်
*******
နန်းဆုပန်ခန့်
ဧပြီ ၂၀၊ ၂၀၂၄။
ထိုင်း – ကရင်နယ်စပ် အမှတ် ၂ တံတားသို့ ထွက်ပြေးလာသည့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ က စစ်ကောင်စီ တပ်သား ၁၀၀ ကျော်ကို ယနေ့နံနက်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ည ၇ နာရီခန့်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကဒရုန်းဖြင့် စတင်တိုက်ခိုက်ရာ ယနေ့နံနက်အထိ တိုက်ပွဲပြင်းထန်နေခဲ့သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ဟုတ်တယ်။ အခုအကုန်လုံးကိုရှင်းနိုင်ခဲ့ပြီ။ မနေ့က ဒရုန်းနဲ့သွားတိုက်တုန်းက အနည်းဆုံး ၅ ယောက် လောက်သေထားတယ်” ဟု ၎င်းက အတည်ပြုပြောဆိုသည်။
ယနေ့နံနက်တွင်လည်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု အမှတ် ၂ တံတားနားရှိ ပြည်သူ ၁ ဦးက ဆိုသည်။
၎င်းက “အဲဒီထွက်ပြေးသွားတဲ့တပ်သားတွေထဲမှာ အရာရှိတွေလည်းပါတော့ စစ်ကောင်စီတပ်ဘက်က လေယာဉ် နဲ့ တောက်လျှောက်ပစ်ကူနေတယ်။ ဒီမနက် ၈ နာရီကျော်မှာလည်း လေယာဉ် ၃ ခေါက်လောက်ပတ်ဝဲ သွားသေးတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်တွင် ခလရ ၂၇၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ် ၂ တံတားသို့ ထွက်ပြေးခဲ့သည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့က ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချရန်ပြောဆိုခဲ့သော်လည်း လက်နက် ချခြင်းမရှိသောကြောင့် ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ရခြင်းလည်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကိုလည်း လက်နက်ကျည်ဆန်များ ကျရောက်ခဲ့သည်။